မြန်မာနိုင်ငံကိုယ်စားပြု ကယန်းကျားသစ်မလေး ဗရော်နီကာကို ပွဲတည်ပေးလိုက်ပါပြီ။ ONE Fight Night 37 မှာ ပွဲထိုးရမှာပါ။ ဒီတစ်ကြိမ်မှာတော့ ဗရော်နီကာက ကစ်ဘောက်ဆင်ပွဲ ထိုးရပါလိမ့်မယ်။
ဗရော်နီကာ ရင်ဆိုင်ရမှာက ပြင်သစ်-အယ်လ်ဂျီးရီးယားနွယ်ဖွားဖိုက်တာမလေး အေနစ်ဆာ မက်ခ်ဆန် ဖြစ်ပါတယ်။ မက်ခ်ဆန်ဟာ ဗရော်နီကာအတွက် ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်လာပါလိမ့်မယ်။
ONE အတွေ့အကြုံပိုင်းကို ကြည့်လိုက်မယ်ဆိုရင်လည်း ဗရော်နီကာထက် မက်ခ်ဆန်က သာလွန်နေပါတယ်။ မက်ခ်ဆန်ဟာ ONE မှာ ၆ ပွဲထိုးပြီးပါပြီ။ ၄ ပွဲနိုင်၊ ၂ ပွဲရှုံး မှတ်တမ်းကို ဗရော်နီကာက ပိုင်ဆိုင်ထားပါတယ်။
ဗရော်နီကာက ONE မှာ ၂ ပွဲ ထိုးထားပြီးပါပြီ။ နှစ်ပွဲလုံး မွေထိုင်းပွဲတွေချည်း ထိုးခဲ့ရသလို ၁ ပွဲနိုင်၊ ၁ ပွဲရှုံးမှတ်တမ်းကို ရရှိထားပါတယ်။ ရှုံးတဲ့ပွဲမှာတောင် ကစားပုံကောင်းမွန်တာကြောင့် ဗရော်နီကာက ဘောနပ်စ်ရရှိခဲ့ပြီး ၂ ပွဲထိုးတာမှာ ၂ ပွဲလုံး ဘောနပ်စ်ရရှိခဲ့သူဖြစ်ပါတယ်။
မက်ခ်ဆန်က ONE ထိုးထားတဲ့ ၆ ပွဲမှာ ၄ ပွဲက ကစ်ဘောက်ဆင် ထိုးခဲ့တာပါ။ နောက်ဆုံးထိုးခဲ့တဲ့ ၃ ပွဲဆက်တိုက် မက်ခ်ဆန်က ကစ်ဘောက်ဆင် ထိုးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ် ၃ ပွဲမှာ မက်ခ်ဆန်က ၁ ပွဲနိုင်ပြီး ၂ ပွဲရှုံးခဲ့ပါတယ်။
ထိုင်းဖိုက်တာ ဖက်ဂျီးဂျာ၊ အမေရိကန်ဖိုက်တာ ဂျက်ကီဘူတန်နဲ့ ဂျပန်ဖိုက်တာ ကာနာ တို့ကို နောက်ဆုံး ၃ ပွဲမှာ မက်ခ်ဆန် ရင်ဆိုင်ခဲ့ရတာပါ။ မက်ခ်ဆန် ရင်ဆိုင်ခဲ့ရတဲ့ဖိုက်တာတွေဟာ တကယ့်ဒိတ်ဒိတ်ကျဲတွေဖြစ်လို့ ဒီပွဲမှာသာ မက်ခ်ဆန်ကို အနိုင်ရအောင် ထိုးနိုင်ခဲ့ရင် ဗရော်နီကာအတွက် အလားအလာကောင်းတွေဖြစ်ပေါ်လာတော့မှာ ကျိန်းသေပါပဲ။
မက်ခ်ဆန်နဲ့ ဗရော်နီကာတို့ရဲ့တွဲဆိုင်းပါဝင်တဲ့ ONE Friday Fights 37 ပြိုင်ပွဲကြီးကို မြန်မာစံတော်ချိန်နဲ့ ထိုင်းစံတော်ချိန်အရ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။