အမေရိကန်စစ်တပ်က နိုင်ငံကို တိုက်ခိုက်လာလျှင် သမ္မတအနေဖြင့် နိုင်ငံအရေးပေါ်အခြေအနေကြေညာရန် အသင့်ရှိ နေကြောင်း ဗင်နီဇွဲလားဒုတိယသမ္မတ Delcy Rodríguez က စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်က ဗင်နီဇွဲလားကို တိုက်ခိုက်လာလျှင် အင်မတန် ဆိုးရွားသည့် နောက်ဆက်တွဲများ ဖြစ်ပေါ်လာမည်ဟုလည်း သူမက သတိပေးပြောဆိုခဲ့သည်။
အာဏာရှင်ဆန်သည့် ဗင်နီဇွဲလားသမ္မတ Nicolás Maduro ၏ အနီးကပ်ဆုံး မဟာမိတ်များထဲတွင် ဗင်နီဇွဲလားဒုသမ္မတ Delcy Rodríguez လည်း တစ်ဦးအပါအဝင် ဖြစ်သည်။
မကြာသေးမီက ကာရစ်ဘီယန်ပင်လယ်အတွင်း အမေရိကန်ရေတပ်ချထားမှုနှင့် ဗင်နီဇွဲလားလှေများကို မူးယစ်ဆေး သယ်ဆောင်သည်ဟု စွပ်စွဲကာ အမေရိကန်က ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် ဗင်နီဇွဲလားအစိုးရအပေါ် ဖိအားများ ပိုမိုကျရောက်လာနေခဲ့သည်။
အဆိုပါ လှေများကို တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၁၇ ဦးအထိ သေဆုံးခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများမှာ အမေရိကန်ပြည်ထောင်စုအတွင်းသို့ ကိုကိန်းနှင့် fentanyl များ မှောင်ခိုတင်သွင်းနေသည့် လက်တင်အမေရိက မူးယစ်ဂိုဏ်းများကို ထိုးစစ်ဆင်ခြင်း ဖြစ်ကြောင်း အမေရိကန်အစိုးရက ဆိုသည်။
သို့သော်လည်း အဆိုပါ တိုက်ခိုက်မှုများသည် ဗင်နီဇွဲလားသမ္မတ Nicolás Maduro ၏ ၁၂ ကြာ အုပ်ချုပ်မှုကို အဆုံးသတ်ရန် ရည်ရွယ်ကာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် ပဏာမနိဒါန်းဖြစ်နိုင်ကြောင်း သံသယရှိသူ တော်တော်များများ ရှိသည်ဟုလည်း The Guardian သတင်းစာက ဖော်ပြသည်။
ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးသူများပါ ပစ်မှတ်ထားတိုက်ခိုက်ရန် အမေရိကန် စစ်တပ်အရာရှိများက အစီအစဉ်ရေးဆွဲနေကြောင်း NBC News က သောကြာနေ့တွင် ဖော်ပြခဲ့သည်။
အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှုကို ဦးစားပေးအသုံးပြုရန် ဆွေးနွေးခဲ့ပြီး လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အမေရိကန်က ဗင်နီဇွဲလာနိုင်ငံ၌ တိုက်ခိုက်မှုများ လုပ်ဆောင်သွားနိုင်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
ကာရစ်ဘီယန်ပင်လယ်အတွင်း အမေရိကန်၏ တိုက်ခိုက်မှုများမှာ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုကို တိုက်ခိုက်ရန် ဖြစ်သည်ဟု ဆိုခြင်းမှာ ‘ကြီးမားသော လိမ်လည်မှုတစ်ခု’ ဖြစ်သည်ဟု ဗင်နီဇွဲလားဒုသမ္မတ Delcy Rodríguez က တနင်္လာနေ့က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ တိုက်ခိုက်မှုများမှာ ကမ္ဘာ့အကြီးမားဆုံး ရေနံသိုက်ရှိရာ ဗင်နီဇွဲလား၏ သဘာဝသယံဇာတများကို သိမ်းပိုက်ရန် ဖြစ်သည်ဟု သူမက စွပ်စွဲသည်။
“သူတို့မှာ ရည်ရွယ်ချက်နဲ့ ပန်းတိုင်က တစ်ခုပဲ ရှိတယ်။ ဗင်နီဇွဲလားက ပိုင်ဆိုင်တဲ့ ရေနံသိုက် ၊ သဘာဝဓာတ်ငွေ့ ၊ ရွှေ ၊ တွင်းထွက်သတ္တုတွေနဲ့ အခြား ဇီဝမျိုးစိတ်ကြွယ်ဝမှုပဲ။ ဒီခေတ်သစ်ကမ္ဘာမှာ အမေရိကန်က အဲဒါတွေကို လိုအပ်တယ်။ ဒီခေတ်သစ်မှာ အမေရိကန်က ကမ္ဘာဂြိုဟ်တစ်ခုလုံးကို စစ်ကြေညာထားတယ်” ဟု သူမက ပြောသည်။
အမေရိကန်က ယင်းသို့ ပြုမူနေသည်မှာ ‘စစ်ပွဲဆာလောင်နေသည့်’ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကြောင့် ဖြစ်သည်ဟု သူမက ဆိုသည်။
သူမက မာကိုရူဘီယိုအား “The Lord of War” (စစ်ပွဲအရှင်သခင်)ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။
ဗင်နီဇွဲလားတွင် နိုင်ငံအရေးပေါ်အခြေအနေ အသက်သွင်းခဲ့ပါက လက်နက်ကိုင်တပ်ဖွဲ့များကို စုရုံးရန် ၊ နိုင်ငံ၏ နယ်စပ်များကို ပိတ်ချကာ အဓိကအခြေခံအဆောက်အအုံများကို စစ်တပ်က တာဝန်ယူထိန်းချုပ်သွားရန် အထူးအာဏာများကို သမ္မတ Maduro ရလာလိမ့်မည်ဟု သူမက ဆိုသည်။
“ကျွန်မတို့ရဲ့ အမိမြေကို ကျွန်မတို့ ဘယ်တော့မှ လက်လွှဲပေးမှာ မဟုတ်ဘူး။ လုံးဝပဲ” ဟုလည်း ဒုသမ္မတ Delcy Rodríguez က ပြောသည်။
ပြည်ပကျူးကျော်စွက်ဖက်မှုကို အားပေးထောက်ခံကြောင်း ပြောဆိုသည့် ဗင်နီဇွဲလားနိုင်ငံသားများအနေဖြင့် အပြစ်ပေးအရေးယူခံရမည်ဟုလည်း သူမက သတိပေးခဲ့သည်။
“ပြည်ပကျူးကျော်မှုကို ပြောင်ပြောင်တင်းတင်း တောင်းဆိုတဲ့လူတွေဟာ သူတို့ကိုယ်သူတို့ ဗင်နီဇွဲလားနိုင်ငံသားတွေပါလို့ မသတ်မှတ်သင့်ဘူး” ဟု သူမက ဆိုသည်။
ဗင်နီဇွဲလားအရေးတွင် အမေရိကန်သည် အင်မတန်ဆိုးကျိုးများသည့် စစ်ရေးကြားဝင်စွက်ဖက်မှုအထိ မမျှော်လင့်ဘဲ ရောက်ရှိသွားနိုင်သည်ဟု ဘိုင်ဒန်အစိုးရလက်ထက် အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက သတိပေးထားသည်။
ကာရစ်ဘီယန်ပင်လယ်အတွင်း ထရမ့်၏ တိုက်ခိုက်မှုများသည် ဥပဒေနှင့် ဆန့်ကျင်ပြီး တရားလက်လွတ် သတ်ဖြတ်မှု ဖြစ်သည်ဟု ဥပဒေကျွမ်းကျင်သူများနှင့် လက်တင်အမေရိကနိုင်ငံ့ခေါင်းဆောင်များက ဝေဖန်ရှုတ်ချလျက် ရှိသည်။
လူသေဆုံးသည်အထိ ထရမ့်၏ အဆိုပါ တိုက်ခိုက်မှုများကြောင့် လက်ရှိပဋိပက္ခမှာ ပိုမိုတင်းမာအရှိန်မြင့်လာနိုင်ကြောင်း ယူဆချက်များလည်း ရှိနေသည်ဟု The Guardian သတင်းစာက ဖော်ပြသည်။
Source: The Guardian







