BREAKING
October 19, 2025

လောင်းလုံးမြို့ပေါ် နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကျည်ထိမှန်သဖြင့် အချိန်ယူ ပြင်ရမည်ဟုဆို

September 30, 2025

ပုံစာ - ကျည်ထိမှန်ခဲ့သည့် Transformer အားတွေ့ရစဉ်။ ဓာတ်ပုံ - Petro & Trans Co.,Ltd. ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေး

လောင်းလုံးမြို့ပေါ်တွင် စက်တင်ဘာလ ၃၀ ရက် ယနေ့ နံနက် ၆ နာရီခွဲခန့်မှစ၍ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များကြား နှစ်ဘက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွါးကြောင်း မြို့ခံများထံမှသိရသည်။

စစ်အာဏာရှင်တပ် တပ်စွဲသော လောင်းလုံးမြို့ပေါ်ရှိ လဝကရုံးနှင့် လောင်းလုံးရဲစခန်းများဘက်မှ ပစ်ခတ်သံကြားရကြောင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လက်နက်ကြီးရော၊ လက်နက်ငယ်ရောပဲ၊ အခုတော့ ငြိမ်သွားပြီ။ လမ်းမှာလူတွေလည်းတိတ်ဆိတ်နေတယ်၊ မထွက်ရဲကြသေးဘူး”ဟု ယင်းအမျိုးသမီးက ပြောဆိုသည်။

မည်သည့်အဖွဲ့တို့က ဝင်ရောက်ပစ်ခတ်သည်ကိုမူ လတ်တလောမသိရသေးပေ။

အဆိုပါနှစ်ဘက်ပစ်ခတ်မှုမှာ ယနေ့ နံနက် ၆နာရီခွဲခန့်မှ ၇ နာရီခွဲခန့်အထိ တစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်မှု ရှိမရှိ အခြေအနေများကိုမူစုံစမ်းနေဆဲဖြစ်သည်။

ပစ်ခတ်မှုတွင် ထားဝယ်ခွဲရုံမှ ပို့လွှတ်သော ၃၃ ကေဗွီဓာတ်အားအဝင် 5 MVA Transformer အား ကျည်ထိမှန်ပေါက်ထွက်သွားခြင်း ကြောင့် လောင်းလုံးမြို့လျှပ်စစ်ဓာတ်အားပြတ်တောက်သွားကြောင်း ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေး Petro & Tran ကုမ္ပဏီက ထုတ်ပြန်သည်။

Transformer အပါအဝင် ကျည်ထိမှန်ပျက်စီးသွားသည့် စက်ပစ္စည်းများကိုပြုပြင်ရန် လိုအပ်သည့်ပစ္စည်းကိရိယာများကို ရန်ကုန်မြို့မှ မှာယူရမည်ဖြစ်သောကြောင့် လောင်းလုံးမြို့နယ်တွင် လျှပ်စစ်ပြတ်တောက်မှုအချိန် ကြာနိုင်ကြောင်း မြို့နယ်လျှပ်စစ်မှူးက ပြောဆိုသည်။

“ဒီတစ်ခေါက်ပျက်စီးသွားတာတော်တော်များတယ်။ ဒီမှာ(ထားဝယ်မှာ) ပြင်လို့မရဘူး။ ပစ္စည်းတွေက ဒီမှာဝယ်လို့မရဘူး။ အကုန်ရန်ကုန်မှာရမှာ။ (ရန်ကုန်-ထားဝယ်) လမ်းခရီးလည်းအဆင်မပြေတော့ ဘယ်လောက်ကြာမယ်ဆိုတာ အတိအကျမပြောနိုင်သေးဘူး” ဟု မြို့နယ်လျှပ်စစ်မှူးက ပြောဆိုသည်။

လမ်းခရီးပေါ်မူတည်ပြီး တစ်ပတ်၊ ဆယ်ရက်ခန့်အကြာ လျှပ်စစ်ပြတ်တောက်နိုင်ကြောင်း လျှပ်စစ်မှူးက ခန့်မှန်းပြောဆိုသည်။

“အခုပုံဆိုရင်တော့ သီတင်းကျွတ်အထိ (လျှပ်စစ်) လာတော့မှာမဟုတ်ဘူးထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်ရှိသည့် လဝကရုံး ၊ စစ်အာဏာရှင်တပ်စခန်းနှင့် လမ်းကင်းထွက်လာသည် စစ်အာဏာရှင်သားများ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ကပစ်ခတ်တိုက်ခိုက်ခြင်းခံရသေးသည်။