BREAKING
October 19, 2025

အဏုမြူလက်နက် ဘယ်တော့မှ မစွန့်ဟု ကုလညီလာခံတွင် မြောက်ကိုရီးယား တရားဝင်ပြော

September 30, 2025

ပုံစာ - တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြောက်ကိုရီးယားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kim Son Gyong မိန့်ခွန်းပြောနေစဉ်။ ဓာတ်ပုံ - Reuters

နိုင်ငံ၏ အဏုမြူလက်နက်စီမံကိန်းကို ဘယ်တော့မှ စွန့်လွှတ်မည်မဟုတ်ကြောင်း မြောက်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kim Son Gyong က စက်တင်ဘာလ ၂၉ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားလိုက်သည်။

မြောက်ကိုရီးယားအား အဏုမြူလက်နက်စွန့်လွှတ်စေခြင်းမှာ ၎င်း၏ အချုပ်အခြာအာဏာနှင့် ဖြစ်တည်ခွင့်ကို စွန့်လွှတ်ရန် တောင်းဆိုသည်နှင့် ထပ်တူညီကြောင်း ၎င်းက ပြောဆိုခဲ့သည်။

မြောက်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kim Son Gyong သည် ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လာသည့် မြောက်ကိုရီးယား ကိုယ်စားလှယ် ဖြစ်သည်။

“ဒီမိုကရက်တစ်ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံမှာ အဏုမြူလက်နက်ဖျက်သိမ်းဖို့ တွန်းအားပေးတာဟာ ဒီနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဖြစ်တည်ခွင့်ကို စွန့်လွှတ်ဖို့ ၊ ဒီနိုင်ငံရဲ့ အခြေခံဥပဒေကို ချိုးဖောက်ဖို့ တောင်းဆိုတာနဲ့ အတူတူပါပဲ” ဟု Kim Son Gyong က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ တရားဝင်နိုင်ငံအမည်ဖြစ်သည့် ဒီမိုကရက်တစ် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ(DPRK)ကို ရည်ညွှန်းကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အချုပ်အခြာအာဏာကို ကျွန်တော်တို့ ဘယ်တော့မှ မစွန့်လွှတ်ဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ ဖြစ်တည်ခွင့်ကို ဘယ်တော့မှ မစွန့်လွှတ်ဘူး။ အခြေခံဥပဒေကို ဘယ်တော့မှ မချိုးဖောက်ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

“အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ ရန်လိုမှုကြီးထွားလာတာနဲ့ တိုက်ရိုက်အချိုးကျစွာပဲ ကျွန်တော်တို့ရဲ့ စစ်ရေးအဟန့်အတားအင်အားကလည်း ကြီးထွားလာနေခဲ့တယ်။ ဒါကြောင့်ပဲ ရန်သူတွေဘက်ကနေ စစ်ပွဲဖြစ်လာအောင် လှုံ့ဆော်ချင်တဲ့ ဆန္ဒကို ထိန်းကွပ်ထားနိုင်ခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်ပေါ်မှာ အာဏာမျှခြေကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်” ဟု Kim Son Gyong က ပြောသည်။

ယခုနှစ်အတွင်း မြောက်ကိုရီးယားထိပ်သီးခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံလိုကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလတွင် ထရမ့် ဒုတိယအကြိမ် သမ္မတဖြစ်လာပြီးကတည်းက တွေ့ဆုံဆွေးနွေးရန် ထရမ့်၏ ပန်ကြားချက်များကို ကင်ဂျုံအန်ဘက်က မတုံ့ပြန်ခဲ့ပေ။

ထရမ့် ပထမအကြိမ် သမ္မတဖြစ်နေစဉ်အတွင်း ကင်ဂျုံအန်နှင့် ယင်းသို့ တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကြိုးစားခဲ့သော်လည်း မြောက်ကိုရီးယား၏ အဏုမြူလက်နက်အစီအစဉ်ကို ဖျက်သိမ်းရန် သဘောတူညီချက်တစ်ခု ရရှိခဲ့သည်အထိ အောင်မြင်ခဲ့ခြင်း မရှိပေ။

Source: The Guardian