ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ် တုံးဗျောကြီးရွာရှိ စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

September 30, 2025

မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက သွားရောက် ပစ်ခတ်သဖြင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

စက်တင်ဘာလ ၂၉ ရက် နံနက် ၆ နာရီဝန်းကျင်တွင် တုံးဗျောကြီးကျေးရွာ လမ်းဆုံရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်‌ရေးတပ်များက သွားရောက်တိုက်ခိုက်ရာမှ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“တိုက်ပွဲဖြစ်တာ အစောကြီးပဲရှိသေးတယ်။ တိုက်ပွဲဖြစ်ပွားပြီး စစ်ဆေး‌ရေးဂိတ် မချ‌တော့ဘူး။ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့တယ်” ဟု အထက်ပါနီးစပ်သူက ပြောသည်။

စစ်အာဏာရှင်တပ်စစ်ဆေး‌ရေးဂိတ်ချထားသည်မှာ ၃နှစ်ကျော်နေပြီဖြစ်ကာ ပြည်ထောင်စုလမ်းမကြီးတွင် တည်ရှိပြီး ဖြတ်သန်းသွားလာသည့် ကုန်တင်ကားများနှင့် ယာဥ်များကို ငွေကြေးကောက်ခံနေသည့် စစ်ဆေးရေးဂိတ်ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင်၏ ၅၅၆ ခြေမြန်တပ်ရင်း၊ မော်တုန်းကျေးရွာ အခြေစိုက် ၃၀၆ အမြောက်တပ်ရင်း၊ တုံးဗျောကျေးရွာ ၁၀၁ တပ်ရင်း အ‌ရှေ့ကာကင်း၊ ဘန်းလမွတ်ကျေးရွာရှိ ယာယီစခန်းတို့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

တုံးဗျောကြီးရွာရှိ စစ်အာဏာရှင်တပ်သားများက ရွာအနောက်ဘက်ကို အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး စစ်ဆေးရေးဂိတ်ကို ယနေ့ စက်တင်ဘာလ ၂၉ရက်တွင် ပိတ်ထားကြောင်း ‌ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့တွေက တော်လှန်ရေးတပ်တွေ လာနိုင်တဲ့နေရာတွေကို ရမ်းသမ်းပစ်ခတ်တယ်။ လူတွေထိခိုက်မှုတော့ မရှိဘူး”ဟု အထက်ပါဒေသခံက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်သားများ၏ ထိခိုက်မှုအခြေအနေကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

မွန်းလွဲ ၁နာရီခန့်တွင် မြိတ်ဘက်မှ စစ်အာဏာရှင်တပ်သား စစ်ကူကားတစ်စီး တုံးဗျောကျေးရွာသို့ ရောက်လာပြီး အင်အားဖြည့်ထားကြောင်း ဒေသခံများထံမှ သိရသည်။