BREAKING
October 17, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

August 30, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ် ၂၄ ရက်မှ ၃၀ ရက်အထိ

စစ်အာဏာရှင်တပ်နဲ့ တအာင်းတပ် ကူမင်းဆွေးနွေးပွဲ ရလဒ်မထွက်

ပုံစာ – တအာင်းတပ်ဖွဲ့ဝင်များ (ပုံဟောင်း) Photo – TNLA

စစ်အာဏာရှင်တပ်နဲ့ တအာင်းတပ်တို့ဟာ ဩဂုတ်လ ၂၇ ရက်မှာ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးကြပေမယ့် သဘောတူညီမှု မရခဲ့ဘူးလို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းတပ် သိမ်းယူထားတဲ့မြို့နယ် ၁၂ ခုထဲက မန်တုံနဲ့ နမ့်ဆန် နှစ်မြို့နယ်ကိုပဲ တအာင်းတပ် အုပ်ချုပ်ခွင့်ရမှာဖြစ်ပြီး ကျန်မြို့နယ်တွေကို ပြန်ပေးရမယ်လို့ စစ်အာဏာရှင်တပ်က တောင်းဆိုတာကြောင့် သဘောတူညီမှု မရတာလို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြချက်တွေအရ သိရပါတယ်။

အခုတစ်ကြိမ်ဆွေးနွေးပွဲမှာ တအာင်းတပ်ဘက်က ကျောက်မဲနဲ့ သီပေါမြို့တွေကို စွန့်လွှတ်မယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် စစ်အာဏာရှင်တပ်ဘက်က လက်မခံခဲ့ဘူးလို့ Myanmar Now သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ ကျောက်မဲ၊ သီပေါမြို့နယ်တွေကို တိုက်ခိုက်သိမ်းယူမယ်လို့ စစ်အာဏာရှင်တပ်ဘက်က ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဧပြီလတွေမှာလည်း ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောင်ချိုအပါအဝင် မြို့ငါးမြို့ကို စစ်အာဏာရှင်တပ်က ပြန်တောင်းလို့ ဆွေးနွေးပွဲ မအောင်မြင်ခဲ့ပါဘူး။ နောက်တစ်ကြိမ် နှစ်ဖက်ဆွေးနွေးပွဲကိုတော့ လာမယ့် အောက်တိုဘာလမှာ လုပ်ဖို့ရှိတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အခုဆွေးနွေးပွဲနဲ့ ပတ်သက်လို့ တအာင်းတပ်ဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။

စစ်အာဏာရှင်တပ်ဟာ ဇူလိုင်လလယ်မှာ နောင်ချိုမြို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီး လက်ရှိမှာ ကျောက်မဲ၊ သီပေါမြို့နယ်တွေကို ထိုးစစ်ဆင်နေပါတယ်။

……………………………………..

ကမ္ဘာကျော် ဂုတ်ထိပ်တံတားဖျက်ဆီးခံရ၊ တံတားကို စစ်အာဏာရှင်တပ်ထိန်းချုပ်

ပုံစာ – ဂုတ်ထိပ်တံတား ဩဂုတ်လ ၂၄ ရက်က ဖျက်ဆီးခံထားရတဲ့ အခြေအနေ။

ရှမ်းမြောက်က နောင်ချိုနဲ့ ကျောက်မဲကို ဆက်သွယ်ထားတဲ့ နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်သံတံတား ဩဂုတ်လ ၂၄ ရက်မှာ ဖျက်ဆီးခံလိုက်ရပြီး တံတားကိုတော့ စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်ထားပါတယ်။

စစ်အာဏာရှင်တပ်ဟာ နောင်ချိုမြို့ကို ထိန်းချုပ်ပြီးနောက် ကျောက်မဲမြို့နယ်ထဲကို လက်နက်ကြီး၊ လေကြောင်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး အဲဒီနောက်မှာ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေချိန် ကျောက်မဲအဝင် ဂုတ်ထိပ် ရထားလမ်း သံတံတားထိပ်နေရာ ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တပ်ကတော့ ဂုတ်ထိပ်တံတားကို တအာင်းတပ်က မိုင်းခွဲဖျက်ဆီးတာလို့ စွပ်စွဲထားပြီး တအာင်းတပ် ဘက်ကတော့ သူတို့တပ်ဖွဲ့ဝင်တွေကို စစ်အာဏာရှင်တပ်က ဒရုန်းနဲ့လာရောက် ဗုံးချတိုက်ခိုက်ရာကနေ တံတားပျက်စီး သွားတာလို့ အပြန်အလှန်စွပ်စွဲနေကြပါတယ်။ ​ဩဂုတ်လ ၂၉ရက်မှာတော့ ဂုတ်ထိပ်တံတားနဲ့ တံတားနေရာတစ်ဝိုက်ကို ထိန်းချုပ်ထားနိုင်ပြီလို့ စစ်အာဏာရှင်တပ်ဘက်က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

……………………………………..

လေကြောင်းဗုံးကြဲလို့ အရပ်သား ၃၀ကျော်သေဆုံး၊ ဘုန်းကြီးကျောင်းငါးကျောင်း ဗုံးကြဲခံရ

ပုံစာ – မြောက်ဦးမြို့၊ ဒိုင်းဂျီရပ်ကွက် ဩဂုတ်လ ၂၅ ရက် ညသန်းခေါင်မှာ ဗုံးကြဲတိုက်ခိုက်ခံရမှု အခြေအနေ။ Photo – ကျော်မင်းလွင်

အခုသီတင်းပတ်တွင်း စစ်အာဏရှင်တပ်က တိုင်းနဲ့ ပြည်နယ် ခြောက်ခုထက်မနည်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တွေ အပါအဝင် အရပ်သား ၃၀ ကျော်သေဆုံးသလို ၄၀ ကျော် ထိခိုက်ဒဏ်ရာရပါတယ်။

ဘုန်းကြီးကျောင်း ငါးကျောင်းကိုလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရဟန်းတွေ ပျံလွန်တာ၊ ထိခိုက်ဒဏ်ရာရတာရှိသလို ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးပါတယ်။

လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်လို့ လူထိခိုက်သေဆုံးတာ အများဆုံးဖြစ်ရပ်ကတော့ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖြစ်ပါတယ်။ လူတွေ အိပ်နေချိန် ဩဂုတ်လ ၂၅ ရက် ညသန်းခေါင်မှာ ဒိုင်းဂျီရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ငါးဦး အပါအဝင် အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၀ နီးပါးဒဏ်ရာရတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ် ကျိုက်ထို၊ ရှမ်းမြောက်က ကျောက်မဲ၊ စစ်ကိုင်းတိုင်း ဝက်လက်နဲ့ တနင်္သာရီတိုင်း ပုလောမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်တာကြောင့် ဘုန်းကြီးကျောင်းတွေ ထိခိုက် ပျက်စီးခဲ့ ပါတယ်။ ကျိုက်ထိုမြို့နယ် ချမ်းမြေ့ရွာမှာ ဩဂုတ်လ ၂၄က ဆွမ်းဘုန်းနေချိန် ဗုံးကြဲခံရလို့ ရဟန်း သုံးပါးပျံလွန်ပြီး ငါးပါးဒဏ်ရာရပါတယ်။

ဩဂုတ် ၂၄ရက်နဲ့ ၂၅ ရက်တွေမှာလည်း ကျောက်မဲမြို့နယ်၊ ပိန္နဲကျေးရွာက ဝါဆိုဘုန်းကြီးကျောင်းနဲ့ လုံကြိမ်ရွာက ကျောင်းကုန်း ဘုန်းကြီးကျောင်း လေကြောင်း တိုက်ခိုက်ခံခဲ့ရပါတယ်။ ဩဂုတ်လ ၂၄ ရက်က ဝက်လက်မြို့နယ် လေကြောင်း တိုက်ခိုက်ခံရမှုမှာလည်း ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ပုလောမြို့နယ် ဇရပ်ဆိပ်ရွာ ဘုန်းကြီးကျောင်းကိုတော့ ဩဂုတ်လ ၂၉ ရက်မှာ ဗုံးကြဲလို့ ကျောင်းဆောင်း သုံးဆောင် ပျက်စီးခဲ့ပါတယ်။

အခုသီတင်းပတ်အတွင်း ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ ရှမ်းမြောက်၊ တနင်္သာရီ၊ မန္တလေး စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

……………………………………..

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ KNUဆန့်ကျင်၊ KNUကို အကြမ်းဖက်အဖွဲ့လို့ စစ်အုပ်စုကြေညာ

Photo – AFP

စစ်ကော်မရှင် ကျင်းပမယ့်ရွေးကောက်ပွဲမှာ ပါဝင်သူတွေဟာ ‘အဆိပ်ပင်ရေလောင်းတဲ့ သမိုင်းတရားခံ’ ဖြစ်သွားနိုင်တဲ့ အတွက် နည်းလမ်းပေါင်စုံနဲ့ ရှောင်ရှားကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဩဂုတ်လ ၂၆ရက်မှာ ထုတ်ပြန်ပါတယ်။

အခုရွေးကောက်ပွဲဟာ စစ်အာဏာရှင်တပ်ကို အကျိုးပြုမယ့် လူနဲ့ ပါတီရွေးချယ်ပွဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ အားလုံး ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံမှုကနေရရှိတဲ့ သဘောတူညီချက်နဲ့ ရေးဆွဲပြဋ္ဌာန်းမယ့် စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အရ ကျင်းပတဲ့ ရွေးကောက်ပွဲကပဲ မြန်မာ့နိုင်ငံရေးပဋိပက္ခကို အဆုံးသတ်နိုင်မယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အဲဒီလို ထုတ်ပြန်ပြီး နှစ်ရက်အကြာ ဩဂုတ်လ ၂၈ရက်မှာတော့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က KNU ကို မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် တံဆိပ်ကပ် ကြေညာခဲ့ပါတယ်။ KNU ပြောခွင့်ရသူကတော့ စစ်အာဏာရှင် တပ်ကပဲ ကမ္ဘာ့မှာ စစ်ရာဇဝတ်မှုနဲ့ ရင်ဆိုင်နေအဖွဲ့ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားတာ တွေ့ရပါတယ်။ KNU ဟာ လက်ရှိကာလမှာ စစ်အာဏာရှင် တပ်စခန်းတွေကို ဆက်တိုက် တိုက်ခိုက်သိမ်းယူနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ လာမယ့် ဒီဇင်ဘာလ လကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီ ၆၁ ခုက မှတ်ပုံတင်ထားပြီး အဲဒီထဲက ကိုးခုကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်မယ်လို့ ကြေညာထားပါတယ်။

……………………………………..

တယ်လီနောမြန်မာအဖွဲ့ကို တိုင်ချက်ဖွင့်

Photo – Reuters

နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနောနဲ့ တယ်လီနောမြန်မာ စီမံခန့်ခွဲမှုအဖွဲ့ကို Justice For Myanmar အဖွဲ့နဲ့  ICJ Norway အဖွဲ့တို့က နော်ဝေရဲတပ်ဖွဲ့ဆီမှာ တိုင်ချက်ဖွင့်လှစ်ပါတယ်။

၂၀၁၈ ကနေ ၂၀၂၂ ကာလအတွင်းမှာ နော်ဝေရဲ့ မြန်မာနိုင်ငံဆိုင်ရာစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် တိုင်ကြား ချက်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်မှာ တင်သွင်းခဲ့တာလို့ JFM က ဩဂုတ်လ ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။

တယ်လီနောဟာ သုံးစွဲသူတွေ အသက်အန္တရာယ်အထိ ကျရောက်နိုင်တဲ့ အချက်အလက်တွေကို မြန်မာစစ်အုပ်စုဆီကို မျှဝေတာအပြင် ကုမ္ပဏီရဲ့ တယ်လီဖုန်းကွန်ရက်တွေကို အချိန်နဲ့အမျှ စောင့်ကြည့်ထောက်လှမ်းနိုင်အောင် ခွင့်ပြုပေးခဲ့တဲ့ အတွက် သေချာစုံစမ်းစစ်ဆေးဖို့လိုတယ်လို့ ဆိုပါတယ်။ တယ်လီနော မြန်မာ ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းကို M1 Group ဆီကို ရောင်းချရာမှာလည်း စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းတွေကို လွှဲပေးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့ကြောင့် တယ်လီနောအုပ်စုဟာ တရားရုံးရှေ့မှောက်မှာ တာဝန်ခံရမယ်လို့ ဆိုပါတယ်။

မြန်မာဒဏ်ခတ်ပိတ်ဆို့မှုတွေကို တယ်လီနော်အုပ်စုက ချိုးဖောက်တာ ရှိမရှိ နော်ဝေရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်မယ်လို့လည်း ဖော်ပြပါတယ်။

……………………………………..