BREAKING
October 19, 2025

ရေဖြူ မရမ်းချောင်းရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ

August 30, 2025

ရေဖြူမြို့နယ် ရေး-ထားဝယ်ကားလမ်းရှိ မရမ်းချောင်းရွာတွင် ယနေ့ သြဂုတ်လ ၃၀ ရက် နံနက်ပိုင်းက ဆိုင်ကယ်စီးလာ သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတောက်တွင် ဒဏ်ရာအပြင်းအထန် ရကြောင်း ဒေသခံများက ပြောသည်။

ကလိန်အောင်မှ ဆိုင်ကယ်ဖြင့် မရမ်းချောင်းရွာသို့ ပြန်လာစဉ် မရမ်းချောင်းရွာနှင့် ကော့လှိုင်ရွာအကြား ရေး-ထားဝယ် ကားလမ်းမတွင် သစ်ပင်လှဲချ၍ ပိတ်ထားသည့်နေရာအား လမ်းဘေးမှ ရှောင်၍ ပတ်မောင်းစဥ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဒဏ်ရာရသွားသည့် အမျိုးသားသည် မရမ်းချောင်းရွာသား အသက် ၃၀ ကျော်အရွယ် ကိုသိန်းထိုက်ဦး (ခေါ်) ကိုမွန် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“တိုက်ပွဲကြောင့် ခြံထဲမှာသွားရှောင်နေကြရင်း ရိက္ခာပြတ်လို့ လင်မယားနှစ်ယောက်ဆိုင်ကယ်တစ်စီးစီနဲ့ ကလိန်အောင် ဘက်ကို စျေးထွက်ဝယ်တာ။ အသွားတုန်းက မဖြစ်ဘူး။ အပြန်မှာမှ သူ့မိန်းမဆိုင်ကယ်က လွတ်သွားတယ်။ သူ့ဆိုင်ကယ်က မိုင်းထပေါက်တယ်။ ဒဏ်ရာတော့ပြင်းတယ်” ဟု ကိုမွန်၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသည့် အမျိုးသားကို ထားဝယ်ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ထားကြောင်း ရွာသားများက ဆိုသည် ။

မရမ်းချောင်းရွာသည် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့ပစ်ခတ်မှုများရှိခဲ့သောကြောင့် ယခု သြဂုတ်လအတွင်း ရွာလုံးကျွတ် နေ့ရပ်စွန့်ခွာနေရသည့် ကျေးရွာဖြစ်သည် ။

သြဂုတ်လ ၂၅ ရက်ကမူ စစ်အာဏာရှင်တပ် စစ်ကြောင်းရောက်ရှိနေသည့် မိုင် ၆ဝ ရွာတွင် အသက် ၈၀ ဝန်းကျင် အရွယ် သက်ကြီးပိုင်း ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရပြီး ၎င်းတို့၏ သားဖြစ်သူလည်းပျောက်ဆုံးနေကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှ သိရသည် ။

“အဘိုး၊ အဘွား ပစ်သတ်ခံရတာသိရလို့ အလောင်းဝင်ကောက်တဲ့ရွာသားတွေကိုလည်း ဖမ်းလိုက်တယ်။ နောက်တစ်ရက်မှ အားလုံး ပြန်လွှတ်ပေးတယ်။ အလောင်းတောင် ပြန်မရဘူး” ဟု မိုင်၆၀ရွာအနီးရှိ မရမ်းချောင်းရွာက ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ်လ ၂၅ ရက်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများရှိကာ စစ်ရေးတင်းမာနေသဖြင့် ရေး-ထားဝယ်လမ်းပိုင်း မလွှဲတောင် နှင့် ကလိန်အောင်အကြားတွင် ယနေ့ သြဂုတ်လ ၃ဝ ရက်အထိ ခရီးသွားလာခွင့် မရသေးဘဲ လမ်းပိတ်မိနေဆဲ ဖြစ်ကြောင်း ဒေသခံများနှင့် လမ်းပိုင်းအသုံးပြုသူများထံမှ သိရသည်။