BREAKING
October 20, 2025

တနင်္သာရီမြို့နယ်တွင် နှစ်ဖက်ပစ်ခတ်မှုအတွင်း အရပ်သားလူငယ်တစ်ဦးသေဆုံး

July 30, 2025

တနင်္သာရီမြို့နယ်၊ ဘန်းသဲရွာအနီးရှိ သစ်ပင်ခြောက်ရွာတွင် တော်လှန်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားချိန် အရပ်သားတစ်ဦး ကျည်ထိမှန်သေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့အချို့နှင့် ဒေသခံများထံမှ သိရသည်။

ဇူလိုင် ၂၈ရက် မွန်းလွဲ ၂နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်တပ်များနှင့် ပစ်ခတ်မှု ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ထိုသို့ နှစ်ဖက်ပစခတ်မှုဖြစ်နေချိန် နေအိမ်အတွင်း ပုန်းခိုနေသည့် အသက် ၁၉နှစ် ကိုပြည့်စုံကို ကျည်ထိမှန် သေဆုံးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦး ဆိုသည်။

“ဟိုဘက် ဒီဘက်ပစ်ကြပြီး တိုင်အနောက်မှာ ဝပ်နေတဲ့ သားငယ်မှာ ခေါင်းထိပြီး သေသွားတယ်။ အိမ်ထဲမှာက ရှိတဲ့သူအားလုံး ဝပ်နေကြတယ်” ဟု အထက်ပါနီးစပ်သူက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်အခြေအနေ၊ အရပ်သားတစ်ဦးသေဆုံးခဲ့သည့်ကိစ္စများနှင့် ပတ်သက်၍ တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံ Dawei Watch ဇူလိုင်လ ၂၉ရက်တွင် စာပေးပို့ပြီး မေးမြန်းထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားအချို့ရှိသည့်အတွက် တနင်္သာရီမြို့သို့ ကားဖြင့် ပြန်သယ် သွားကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီတပ်က တနင်္သာရီမြို့မှ ဘန်းသဲရွာဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များက စောင့်ကြို တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က အထိနာကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တိုက်ပွဲက နှစ်နာရီကြာတယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြတယ်။ တိုက်ပွဲနားတော့ စစ်ကောင်စီစစ်ကြောင်းက တမုတ်ချုံးရွာဘက်ကို ဆက်တက်သွားကြတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်းကို တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ပြီး တော်လှန်‌ရေးတပ်ဘက်က ထိခိုက်မှု မရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိတိုက်ပွဲဖြစ်သည့် ဘန်းသဲရွာနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားပါက ဒေသခံများထွက်ပြေး တိမ်းရှောင်ကြရပြီး အခြေအနေပြန်ငြိမ်သက်သွားပါက ရွာအတွင်းပြန်လည်နေထိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။