သရက်ချောင်းမြို့နယ်အထက်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က သတ်ဖြတ်အလောင်းဖျောက်ခဲ့သည့် သင်းကျွန်းရွာသားနှစ်ဦး၏ ရုပ်အလောင်းတို့ကို ပြန်လည်တွေ့ရှိကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
စစ်ကောင်စီတပ်သည် သင်းကျွန်းရွာသား အသက် ၃၀ကျော်နှင့် ၄၀ကျော်အရွယ် အမျိုးသားနှစ်ဦးကို ဇူလိုင်လ ၂၆ ရက်တွင် လက်နောက်ပြန် ကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းနောက် လေးရက်မြောက်ဖြစ်သည့် ဇူလိုင်လ ၂၉ ရက်တွင် အဆိုပါအမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများကို သင်းကျွန်း ရွာနှင့် ၅မိုင်ခန့်အကွာတွင်ရှိသည့် ကြာအင်းရွာဘုန်းကြီးကျောင်းအနီးတွင် ပြန်လည်တွေ့ရှိကြောင်း သရက်ချောင်းမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရုပ်အလောင်းတစ်ခုတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ တွေ့ရှိကြောင်း ကြာအင်းရွာအနီးဝန်းကျင်မှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“(အလောင်းတွေ့တဲ့နေရာမှာ) မိန်းမတစ်ယောက်ရဲ့ ဖိနပ်လည်း တွေ့တယ်။ လိုက်ရှာနေကြတယ်။ အခုအလောင်းတွေ့တာက ယောင်္ကျားနှစ်ယောက်။ အခုဆို စစ်တပ်လာချိန်ဆို လုံးဝ အတွေခံလို့ မဖြစ်တော့ဘူး” ဟု ၎င်းက ပြောဆိုသည်။
စစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင်လ ၁၉ရက်ကလည်း ရန်တောင်ရွာက အသက် ၄၀ခန့်ရှိ ကိုဝင်းအေးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ရွာဘုန်းကြီးကျောင်း ခြံစည်းရိုးအနီး မြေမြှုပ်အလောင်းဖျောက်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။ ရန်တောင်မှာ သင်းကျွန်းရွာအနီးရှိ ကျေးရွာတစ်ရွာဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီစစ်ကြောင်း၏ သတ်ဖြတ်အလောင်းဖျောက်ခံရသည့် ဒေသခံ သုံးဦးအထိ ရှိလာပြီဖြစ်သည်။
သရက်ချောင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူကမူ သင်းကျွန်းရွာသားနှစ်ဦးကို ရိုက်နှက်နှိပ်စက်ပြီးမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည့်အပြင် ကျန်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုလည်း ရိုက်နှက်နှိပ်စက် စစ်ဆေးပြီးမှ ပြန်လွတ်ပေးခဲ့ကြောင်း ပြောဆိုသည်။
စစ်ကောင်စီတပ်သည် သရက်နှစ်ခွ၊ သင်းကျွန်း၊ ရန်တောင်၊ ညောင်ဇင်၊ ကြာအင်း၊ ကြက်စားပြင်၊ ဟင်းဘုတ်ချောင်း၊ သူရဲတောင်၊ ပိန်းတောရွာများဘက်သို့ စစ်ကြောင်းနှစ်ကြောင်းဖြန့်ကျက်ကာ စစ်ကြောင်းထိုးနေပြီး အရပ်သားများကို ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကြောင်းထိုးနေသည့် ကျေးရွာများက ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည့် သူများ ပြန်လွတ်မလွတ်ဆိုသည်ကိုမူ အတိအကျ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။
“အခုက ရွာထဲမှာ လူမရှိသေးဘူး။ ပြန်လာသူတွေလည်း တစ်ယောက်စ နှစ်ယောက်စပဲရှိသေးတော့ ဘယ်သူတွေ ဖမ်းထားပြီး ဘယ်သူတွေပျောက်နေလဲ မသိရသေးဘူး။ ရွာမှာလူတွေ အားလုံး ပြန်ရောက်မှပဲ ဖမ်းထားတဲ့သူတွေ ပြန်လွတ်မလွတ် ပျောက်နေသူတွေ ရှိမရှိ သိရမယ်” ဟု ကြာအင်းရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ရက်က ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ ရွှေဂူတောင်တံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းယူ ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်က ယင်းနေရာတွင် ပြန်လည် တပ်စွဲထားသည်။ ယင်းနောက် စစ်ဆေးရေးဂိတ်အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည်။







