လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းရွာတွင် ဖြစ်ပွားသည့်တိုက်ပွဲတွင် ကလေးသုံးဦးအပါအဝင် အရပ်သားငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒဏ်ရာရသူများကို ကူညီဆောင်ရွက်နေသည့်ဒေသခံတစ်ဦးက ပြောသည်။
ဒဏ်ရာရသူ ငါးဦးမှာ ကလေးသုံးဦးနှင့် အမျိုးသားနှစ်ဦးဖြစ်ပြီး ဇူလိုင်လ ၂၉ရက်က တိုက်ပွဲဖြစ်ချိန် ကျေးရွာအတွင်း ပိတ်မိကာ ပုန်းရှောင်နေရာမှ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။
ကလေးသုံးဦးအနက် နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အထက်ပါဒေသခံ အမျိုးသားက ပြောဆိုသည်။
“(ဒဏ်ရာမပြင်းထန်သူ) နောက် (ကလေး) တစ်ဦးကို သူတို့မိသားစုတွေဆီ ပို့ပေးထားပါတယ်” ဟု ၎င်းက ပြောသည်။
ပန်းတင်အင်းရွာ တိုက်ပွဲတွင် ထိခိုက်သေဆုံးသူများရှိနေသည်ဟု သတင်းထွက်ပေါ်နေပြီး Dawei Watch အနေဖြင့်မူ အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။
ပန်းတင်အင်းရွာ ကွက်သစ်စာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းတွင် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်- DNLA နှင့် မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း DNLA ထံမှ သိရသည်။
ယင်းသို့တိုက်ခိုက်စဉ် ထားဝယ်-မောင်းမကန်လမ်း၌ရှိသော စစ်ကောင်စီအမှတ် ၁၀၄ ခြေလျင်တပ်ရင်းကလည်း ပန်းတင်အင်း ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ပြီး ညနေ ၇နာရီဝန်းကျင်အထိ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၃၀ ရက် နံနက်တွင်လည်း လက်နက်ကြီးပစ်ခတ်သံနှစ်ချက်ကြားရပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမကြားရကြောင်း ဒေသခံအချို့က ပြောသည်။
စစ်ကောင်စီတပ်သည် ပန်းတင်အင်းကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
တိုက်ပွဲဖြစ်ခဲ့သည့် နေရာအနီးဝန်းကျင်းသို့ ယနေ့ နံနက်ပိုင်းအထိ သွားရောက်ကြည့်ရှုခွင့် မရရှိသေးသည့်အတွက် မီးရှို့ခံရသည့် နေအိမ်အရေအတွက်ကို မသိရသေးကြောင်း အထက်ပါ ဒေသခံအမျိုးသားက ပြောဆိုသည်။
တိုက်ပွဲကြောင့် ပန်းတင်အင်းကျေးရွာနေ ဒေသခံများမှာ ယနေ့အထိ နီးစပ်ရာ၊ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယင်းသို့ ထွက်ပြေးနေကြရာတွင် မိသားစုဝင်များ အဆက်အသွယ် မရဘဲ ဖြစ်နေကြကြောင်း ဒေသခံများက ဆိုသည်။
ပန်းတင်အင်းရွာ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်း ရရှိထားကြောင်း တိုက်ပွဲတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းသည် ပန်းတင်အင်းကျေးရွာရှိ ကွက်သစ် စာသင်ကျောင်းအနီးတစ်ဝိုက်တွင် ယနေ့ နံနက်ပိုင်း အထိ ဆက်ရှိနေပြီး မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက် အင်အားထပ်ဖြည့် ပူးပေါင်းထား ကြောင်း တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့ထံမှ သိရသည်။