ရန်ကုန်မှ ထားဝယ်သို့လာသည့် ကုန်တင်ကားတစ်စီးထံမှ မူးယစ်ဆေးဝါး (စိတ်ကြွရူးသွပ်ဆေးပြား) အပြားရေ ကိုးသိန်း ပဲခူးတိုင်း ၊ ဝေါမြို့နယ် ၊ ညောင်ခါးရှည်ရွာ အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ဟု ထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၂၉ ရက်တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC Myanmar) က ယင်းသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Nissan အမျိုးအစား ၆ ဘီး ကုန်တင်ကားတစ်စီး တွင် ဇွန်လ ၂၆ ရက် နံနက်အစောပိုင်းက ဖမ်းမိခဲ့ခြင်းဖြစ်ပြီး CCDAC ၏ ထုတ်ပြန်ချက်အရ ယင်းဆေးပြားများမှာ ရန်ကုန်မှတစ်ဆင့် ထားဝယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ဟုဆိုသည်။
ယာဥ်မောင်းအပါအဝင် အမျိုးသား ၃ ဦးကို အမှုဖွင့် အရေးယူထားသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိသည့်ဆေးပြား အပြားရေကိုးသိန်းကို ဆေးတစ်ပြားလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်၍ ကာလတန်ဖိုး ၁ ဒသမ ၃၅ ဘီလျံ (ကျပ်) တန်ဖိုးရှိသည်ဟု CCDAC က ဖော်ပြထားသည်။
တနင်္သာရီတိုင်း အတွင်းရှိ မြို့နယ်အချို့တွင် အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးများ ဝယ်ယူရလွယ်ကူလာပြီး ဆေးပြားတစ်ပြားကို ကျပ်ရာဂဏန်းဖြင့်ပင် ဝယ်ယူ၍ ရနိုင်သည့် ဒေသများရှိကြောင်း စုံစမ်းသိရှိရသည်။
ဇွန်လ ၁၀ ရက်ကလည်း ညောင်ခါးရှည်ရွာဂိတ်တွင်ပင် ရန်ကုန်မှ မြဝတီသို့ သယ်ဆောင်မည့် မူးယစ်ဆေးဝါး အိုက်စ်(အက်ဖင်တမင်း) ၁၂၅ ကီလိုကို မှန်လုံယာဥ်တစ်စီးပေါ်တွင် ဖမ်းမိခဲ့သေးကြောင်း CCDAC ထံမှသိရသည်။
ညောင်းခါးရှည်ဂိတ်သည် အထက်မြန်မာပြည်နှင့် မွန်၊ကရင်၊တနင်္သာရီ ဒေသများသို့ ဆက်သွယ်ထားသည့် ပြည်ထောင်စုကားလမ်းမပေါ်တွင် တည်ရှိသည့် X-ray စက်ဖြင့် မော်တော်ယာဥ်များကို စစ်ဆေးသည့် ဂိတ်ဖြစ်ကာ အာဏာသိမ်းပြီးနောက်ပိုင်းမှ အသစ်ဖွင့်ထားသည့် ဂိတ်ဖြစ်သည်။