၁၂ ရက်ကြာ အစ္စရေး – အီရန် စစ်ပွဲကို အဆုံးသတ်စေခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် အစ္စရေး၏ လိုက်နာမှုကို ယုံကြည်မှုမရှိသလောက် နည်းပါးကြောင်း အီရန်ဘက်က ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
အစ္စရေးကို ရည်ညွှန်း၍ အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲဖြစ်သူ Abdolrahim Mousavi က “ကျွန်တော်တို့က စစ်ပွဲကို စတင်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ကျူးကျော်တိုက်ခိုက်လာတဲ့သူကို ကျွန်တော်တို့မှာ ရှိသမျှ စွမ်းပကားအားလုံးနဲ့ ကျွန်တော်တို့ ပြန်တုံ့ပြန်ခဲ့တယ်” ဟု ပြောဆိုသည်။
“အပစ်ရပ်သဘောတူညီချက်အပါအဝင် သူတို့ရဲ့ ကတိကဝတ်တွေကို ရန်သူက လိုက်နာလိမ့်မယ်ဆိုတာ ကျွန်တော်တို့မှာ သံသယကြီးကြီးမားမား ရှိတယ်။ ကျွန်တော်တို့ကို နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ရင် ကျွန်တော်တို့ကလည်း ပြန်တိုက်ခိုက်ဖို့ အသင့်ရှိတယ်” ဟု ၎င်းက ဆိုသည်။
၁၂ ရက်ကြာ အစ္စရေး – အီရန် စစ်ပွဲသည် အစ္စရေးက အီရန်ကို လေကြောင်းမှ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဇွန်လ ၁၃ ရက်နေ့တွင် စတင်ပေါ်ပေါက်လာခဲ့သည်။
အစ္စရေး၏ ပထမဆုံးတိုက်ခိုက်မှုအတွင်းမှာပင် အီရန်၏ ထိပ်တန်းစစ်ဘက်အရာရှိများနှင့် အဏုမြူစီမံကိန်း သိပ္ပံပညာရှင်အချို့ သေဆုံးခဲ့သည်။
၎င်းတို့ တိုက်ခိုက်ရခြင်း၏ ရည်ရွယ်မှာ အီရန်တွင် အဏုမြူလက်နက် မဖန်တီးနိုင်စေရေးဖြစ်သည်ဟု အစ္စရေးဘက်က ပြောသည်။
အဏုမြူလက်နက်ရရှိရန် ကြိုးစားနေခြင်းမရှိဟု အီရန်ဘက်က ငြင်းဆန်သည်။
အစ္စရေးနှင့် အီရန်အကြား အပြန်အလှန် တိုက်ခိုက်မှုများကြောင့် အမေရိကန်-အီရန် အဏုမြူဆွေးနွေးပွဲ ရပ်ဆိုင်းသွားခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန်က ၎င်း၏ မဟာမိတ်ဖြစ်သည့် အစ္စရေးဘက်မှနေ၍ အီရန်၏ အဏုမြူစီမံကိန်းတည်နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
Source: AFP