BREAKING
November 18, 2025

ကော့သောင်းထောင်က နိုင်ကျဥ်းတစ်ဦးသေဆုံး

June 30, 2025

ကော့သောင်းအကျဥ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦး နာမကျန်းဖြစ်၍ ဆေးကုသမှု ခံယူ နေစဉ် သေဆုံးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ယနေ့ ဇွန်လ ၃၀ရက်တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံရေးအကျဉ်းသား အသက် ၅၄ နှစ်အရွယ် ဦးအေးလွင် ကော့သောင်းဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

နာမကျန်းဖြစ်နေသည့်အချိန်တွင် ထောင်တွင်းမှ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အချိန်နှင့်တပြေးညီ လုံလောက်သော ဆေးဝါးကုသမှု မရရှိဘဲ သေဆုံးခဲ့ရသည်ဟု PPNM က စုံစမ်း သိရှိရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဦးအေးလွင်က ထောင်ထဲကနေ အရေးပေါ် အခြေအနေမှာ ပြင်ပဆေးရုံကိုထွက်ခဲ့တယ်။ အချိန်နောက်ကျခဲ့တယ်။ အချိန်နဲ့ တပြေးညီမထုတ်နိုင်ခဲ့လို့ဆုံးသွားတယ်။ ဒါပေမဲ့ ဦးအေးလွင်နဲ့ပတ်သက်တဲ့ကိစ္စကို အကျဥ်းဦးစီးဌာနကရော၊ စစ်တပ်က ရော လုံခြုံရေးအပြည်နဲ့ သတင်းမပေါက်ကြားရေး ကြိုးပမ်းဆောင်ရွက်နေတာဖြစ်တဲ့အတွက် သူရဲ့ရောဂါ အခြေအနေနဲ့ နောက်ဆက်တွဲ အခြေအနေကို ပြောဆိုဖို့အတွက်အခက်အခဲဖြစ်နေပါတယ်” ဟု PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ယင်းသို့ သတင်းစုံစမ်းရခက်ခဲသဖြင့် အတည်ပြုရသမျှ အချက်အလက်ဖြင့် သတင်းထုတ်ပြန်ချက်ခြင်း ဖြစ်ပြီး ဆက်လက် စုံစမ်းသိရသည့် ဦးအေးလွင်၏ နောက်ဆက်တွဲသတင်းအချက်အလက်များကို သီးခြားမှတ်တမ်းတင် ထုတ်ပြန်ရန် ရှိကြောင်း ၎င်းက ဆိုသည်။

ကော့သောင်းမြို့ခံများနှင့် ကော့သောင်းနိုင်ငံရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းကြည့်ရာတွင်လည်း ဇွန်လ ၂၆ ရက်က ကော့သောင်းဆေးရုံတွင် လာရောက်ဆေးကုသမှု ခံယူသည့် ကော့သောင်းမြို့ခံ နိုင်ငံရေးအကျဥ်းသားတစ်ဦး သေဆုံးကြောင်း ပြောဆိုကြသည်။

အကျဥ်းဦးစီးဌာနအနေဖြင့် ထောင်တွင်းသေဆုံးမှုများနှင့်ပတ်သက်၍ ကာယကံရှင်မိသားစုဝင်များကိုပင် လူမှုကွန်ရက်တွင် မဖော်ပြရန် တားမြစ်ပိတ်ပင်၍ ပြည်သူလူထုမသိအောင် ဆောင်ရွက်နေသဖြင့် ထောင်တွင်းသေဆုံးမှုသတင်းများကို အတည်ပြုသိရှိနိုင်ရန် အခက်အခဲရှိလာကြောင်း ကိုသိုက်ထွန်းဦးက ပြောသည်။

PPNM ၏ စောင့်ကြည့်လေ့လာစိစစ်မှုများအရ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၃၀ရက်အထိ သေဆုံးသည့် နိုင်ငံရေးအကျဥ်းသား၊ အကျဉ်းသူ ၁၃ဦးအထိရှိပြီဖြစ်ကြောင်း ယင်းအဖွဲ့ ထံမှသိရသည်။