သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာတွင် ယနေ(ဇွန် ၃၀) နေ့လယ်ပိုင်းတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများကပြောသည်။
ယင်းအမျိုးသမီးမှာ ခင်ပွန်းဖြစ်သူနှင့်အတူ နေအိမ်၌ရှိနေချိန် နေအိမ်အနီးလက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့ရာမှ ကျည်စထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
လက်နက်ကြီး ကျည်စထိမှန်ခြင်းကြောင့် အဆိုပါအမျိုးသမီး၏လက်တွင် ဒဏ်ရာရရှိခဲ့ပြီး၊ ထားဝယ် ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း ၎င်းကဆိုသည်။
“ထမင်းစားဖို့လုပ်နေတုန်းမှာ အိမ်နားလာကျတဲ့ လက်နက်ကြီး အစစင်သွားတာ အိမ်လည်းနည်းနည်းပျက်စီးသွားတယ်”ဟု ၎င်းဒေသခံကပြောသည်။
ယနေ့ နေ့လယ်ပိုင်း၌ ရန်တောင်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ယင်းလက်နက်ကြီးကျည်ဆန်မှာ မည်သည့်အဖွဲ့က ပစ်ကြောင်းမသိရသေးပေ။
ယင်းသို့တိုက်ပွဲဖြစ်နေချိန်တွင် ထားဝယ်မြိုပေါ်ရှိ အမြောက်တပ်နှင့် သရက်ချောင်းမြို့ရှိ ရွှေဂူတောင် စစ်ဆေးရေးဂိတ်တို့မှနေ၍ စစ်ကောင်စီတပ်က ရန်တောင်ရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၉ ရက်နေ့မှစ၍ ရန်တောင်ရွာသို့ ရောက်ရှိလာပြီး တပ်စွဲထားခြင်းကြောင့် ဒေသခံ ရွာသူရွာသားအချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။