BREAKING
October 18, 2025

တနင်္သာရီတိုင်းသို့ ရွေးကောက်ပွဲ အီလက်ထရွန်နစ်မဲပေးစက်များ ရောက်ရှိ

June 30, 2025

ဓာတ်ပုံ - ပြန်ဆက်

အွန်လိုင်းစနစ်ဖြင့် မဲပေးရမည့် အီလက်ထရွန်နစ်မဲပေးစက်များ တနင်္သာရီတိုင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းစစ်ကောင်စီက ဇွန်လ ၂၉ ရက်‌တွင် ထုတ်ပြန်သည်။

Myanmar Electronic Voting Machin (MEVM) ဟု အမည်ပေးထားသည့် အဆို မဲပေးစက်များသည် တနင်္သာရီတိုင်းသို့ ရောက်ရှိနေပြီဖြစ်ကာ စနစ်တကျထိမ်းသိမ်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုင်းအဆင့် အီလက်ထရောနစ် မဲပေးခြင်းဆိုင်ရာကြီးကြပ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ထိုအဖွဲ့၏ ဥက္ကဋ္ဌမှာ စစ်ကောင်စီ တနင်္သာရီတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး တာဝန်ယူထားသူ ဦးအောင်ဇော်လှိုင်ဖြစ်သည်။

အီလက်ထရွန်နစ်မဲပေးစက်( MEVM) စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းကိုလည်း တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အလိုက်သင်တန်းပေးရန် စီစဉ်နေကြသည်။

မဲပေးစက်အားကိုင်တွယ်အသုံးပြုနည်းသင်တန်းအတွက် အထောက်အပံ့ပေးမည့် နည်းပညာဆိုင်ရာ အထောက်အကူအဖွဲ့ ကိုလည်း ဖွဲ့စည်းသွားရန်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီလက်ထရွန်နစ်မဲပေးစက် (MEVM) များ အခြေအနေ အသေးစိတ်သိရှိရန် Dawei Watch အနေဖြင့် တနင်္သာရီတိုင်း ရွေးကောက်ပွဲအရာရှိထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လတ်တလော မဖြေကြားနိုင်သေးသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန်သာ ပြောဆိုခဲ့သည်။

“မီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ကိစ္စက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေပြီး လိုနာရမယ့်စည်းကမ်းချက်တွေ ဘာမှမပြောသေးတော့ ကိုယ့်အနေနဲ့ ဖြေရတာနည်းနည်းခက်နေတယ်” ဟု ၎င်းရွေးကောက်ပွဲအရာရှိက ဆိုသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲအား လာမည့် ဒီဇင်ဘာလတွင်ကျင်းပမည်ဟုပြောဆိုထားပြီး ရွေကောက်ပွဲတွင် အီလက်ထရွန်နစ်မဲပေးစက် (MEVM) များ အသုံးပြုသွားမည်ဟု ဆိုထားသည်။