ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံကို တိုက်ခိုက်ရင် တရုတ်နိုင်ငံထုတ်လက်နက်တွေ အသုံးပြုနိုင် ပေမယ့် အဆိုပါလက်နက်တွေက ဘန်ကောက်မြို့တော်အထိ မရောက်ရှိနိုင်ဘူးလို့ တရုတ် စစ်အရာရှိဟောင်းတစ်ဉီးက ဆိုလိုက်ပါတယ်။
နှစ်နိုင်ငံ နယ်စပ်တင်း မာမှုတွေက စစ်ရေးပဋိပက္ခဖြစ်လာရင် တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံဘက်မှ ရပ်တည်ဖွယ်မရှိဘူး သူက ဆိုပါတယ်။
“တရုတ်နိုင်ငံက လက်နက်တင်ပို့တာ ခုခံကာကွယ်ဖို့ဖြစ်ပြီး တရုတ်စစ်လက်နက်တွေကို ဝယ်ယူ ပြီးရင် ပိုင်ဆိုင်မှုနဲ့ အသုံးပြုပိုင်ခွင့်ကို လက်နက်ရရှိတဲ့တိုင်းပြည်က အပြည့်အဝ ပိုင်ဆိုင်ပါတယ်” လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ စစ်ဘက်သရုပ်ပြဟောင်း ဆောင်ကျောင်ပင်က ပြော ပါတယ်။
“ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေနဲ့ပတ်သက်လို့ အစဉ်အလာ မိတ်ဆွေနှစ်နိုင်ငံ စစ်မက်ဖြစ်ပွားတာကို တရုတ်နိုင်ငံက မမြင်တွေ့လိုပါဘူး။ တရုတ်နိုင်ငံက စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်အောင်ဆောင်ရွက်ဖို့ ကြိုးပမ်းပါမယ်။ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အစဉ်အလာ မိတ်ဆွေနိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ အစဉ်အလာမဟာမိတ်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံက တရုတ်နဲ့ နီးကပ်တဲ့ဆက် ဆံရေး ရှိပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
ဘန်ကောက်မြို့တော်အခြေစိုက် သတင်းဌာန The Nation က ကမ္ဘောဒီးယားနိုင်ငံမှာ ဘန်ကောက် မြို့အထိ ရောက်ရှိနိုင်တဲ့ လက်နက်တွေရှိတယ်ဆိုတဲ့ ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆမ်ရဲ့ ပြော ကြားချက်ကို ကိုးကားတဲ့ သတင်းတစ်ပုဒ်ကို ဖော်ပြပြီးနောက် ဆောင်ကျောင်ပင်က အခုလို ပြောတာပါ။
မြတြိဂံဒေသလို့ လူသိများတဲ့ အငြင်းပွားနယ်စပ်တစ်လျှောက် ထိုင်းနဲ့ကမ္ဘောဒီးယားကြား တင်း မာမှုတွေ မြင့်တက်ခဲ့ပါတယ်။ မေလ ၂၈ ရက် အပြန်အလှန် ပစ်ခတ်မှုအတွင်း ကမ္ဘောဒီးယားစစ်သား တစ်ဉီး သေဆုံးခဲ့ရာ စစ်ရေးပဋိပက္ခ အရှိန်မြှင့်လာမှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးရဲ့ အဓိက စစ်လက်နက်အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံထုတ် ဒုံးစနစ်တွေနဲ့ ဘန်ကောက်မြို့တော်ကို ခြိမ်းခြောက်ဖို့ ကမ္ဘောဒီးယားနိုင်ငံအတွက် မဖြစ်နိုင်ဘူးလို့ ဆောင်ကျောင်ပင်က ထောက်ပြပါတယ်။
“ကမ္ဘောဒီးယားနိုင်ငံမှာ တာဝေးပစ်ဒုံးကျည်တွေ သယ်ဆောင်နိုင်တဲ့ ဂျက်တိုက်လေယာဉ်တွေ မ ရှိပါဘူး။ ကမ္ဘောဒီးယားရဲ့ စစ်ရေးဘတ်ဂျက်က ထိုင်းနိုင်ငံ ကာကွယ်ရေးဘတ်ဂျက်ရဲ့ အကြမ်းဖျင်း ဆယ် ပုံတစ်ပုံသာရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ စစ်ရေးစွမ်းပကားက ကမ္ဘောဒီးယားနိုင်ငံထက် အများကြီး အင်အား တောင့်တင်းပါတယ်” လို့ သူက ဆိုပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံကို ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး စစ်လက်နက် ထောက်ပံ့သူဖြစ်ခဲ့ပြီး ထိုင်းစစ်လက်နက် တင်သွင်းမှုတွေရဲ့ ၄၄ ရာခိုင်နှုန်းခန့် ရှိတယ်လို့ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနအင်စတီကျု့ (SIPRI) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက စစ်လက်နက်အတွက် တရုတ်နိုင်ငံအပေါ် လုံးလုံးလျားလျား အားထား နေရပြီး ကမ္ဘောဒီးယားစစ်တပ်ရှိ လက်နက်တွေရဲ့ ၉၅ ရာခိုင်နှုန်းကျော်ဟာ တရုတ်စစ်လက်နက်တွေ ဖြစ်နိုင်တယ်လို့ Phnom Penh Post သတင်းစာက ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံနဲ့မတူတာက တရုတ်နိုင်ငံဟာ စစ်လက်နက်တွေ ပေးပို့တာနဲ့ပတ်သက်လို့ စည်းကမ်းချက်တွေ မသတ်မှတ်ခဲ့ဘူးလို့ ဆောင်ကျောင်ပင်က ပြောပါတယ်။
ကက်ရှ်မီးယားအရေးနဲ့ပတ်သက်တဲ့ မကြာသေးမီက ပဋိပက္ခမှာ အမေရိကန်နိုင်ငံက အိန္ဒိယကို အမေရိကန်ကုမ္ပဏီတွေ ထုတ်လုပ်တဲ့ စစ်လေယာဉ်တွေ အသုံးပြုခွင့် ကန့်သတ်ခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ ထင်မြင်ယူဆချက် ရှိခဲ့ပါတယ်။
ပါကစ္စတန်စစ်တပ်ဟာ မေလအတွင်း အိန္ဒိယလေတပ်ရဲ့ ပြင်သစ်နိုင်ငံထုတ် ရာဖေးလ် ဂျက်တိုက်လေယာဉ်တွေကို ပစ်ချဖို့ တရုတ်နိုင်ငံထုတ် J-10CE တိုက်လေ ယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ လက်နက်စနစ်တွေ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
ထိုင်း-ကမ္ဘောဒီးယား အငြင်းပွားမှုနဲ့ အခြေအမြစ်တွယ်နေတဲ့ ဘာသာရေးကွဲပြားချက်တွေ ပါဝင် ခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန်ပဋိပက္ခကြား များစွာသော မတူညီမှုတွေ ရှိခဲ့တယ်လို့ ဆောင်ကျောင်ပင်က ပြောပါတယ်။
“ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားမှာ ဘာသာရေးဆိုင်ရာ ကွဲပြားမှု မရှိဘဲ နှစ်နိုင်ငံကြား နယ်စပ်အငြင်းပွားမှုဟာ ပြင်သစ်ကိုလိုနီအုပ်ချုပ်မှုကနေ အရင်းခံခဲ့တာပါ” လို့ ၎င်း က ဆိုပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားက စိတ်ရှည်သည်းခံမှု ကျင့်သုံးဖို့နဲ့ စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် အငြင်းပွားမှု ကို ဖြေရှင်းကြဖို့ တရုတ်နိုင်ငံက အကြံပြုမယ်လို့ သူက ဆက်ပြောပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားကြား တင်းမာမှုတွေက စစ်ရေးပဋိပက္ခအဖြစ် အရှိန်မြှင့်လာမှုကြောင့် တရုတ်နိုင်ငံက မည်သည့်ဘက်မှ ရပ် တည်ဖွယ်မရှိဘူးလို့ ၎င်းက ပြောပါတယ်။
အသစ် ဖွဲ့စည်းထားတဲ့ ဟောင်ကောင်ရှိ အပြည်ပြည်ဆိုင်ရာ ကြားဝင်စေ့စပ်ရေး အင်စတီကျု့က လက်နက်ကိုင်ပဋိပက္ခကို ရှောင်ရှားဖို့ ထိုင်းနဲ့ကမ္ဘောဒီးယားကို ကူညီရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ဖို့ ဆောင်ကျောင်ပင်က အကြံပြုပါတယ်။
မည်သည့်ပဋိပက္ခမဆို ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်စေလို့ တရုတ်နိုင်ငံရဲ့ရပ်တည်ချက်ဟာ အာဆီယံအဖွဲ့ရဲ့ ပိုမိုကျယ်ပြောသော အကျိုးစီးပွားတွေနဲ့ ကိုက်ညီမှုရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
“တရုတ်နိုင်ငံအလွန်အထိ အာဆီယံအဖွဲ့ ကိုယ်တိုင် ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုတွေမှာ ပါဝင်လာဖွယ်ရှိပါတယ်” လို့ ၎င်းက ပြောပါတယ်။
ဆယ်စုနှစ်တစ်ခုကျော်က သဘောတူညီချက်တွေ လက်မှတ်ရေးထိုးမှုကြောင့် ပိုင်နက်နယ်မြေ တောင်းဆိုမှုတွေ ဖြစ်လာချိန် ထိုင်းနဲ့ကမ္ဘောဒီးယားကြား မြတြိဂံအပါအဝင် နယ်မြေအများအပြားကို မြေပုံထုတ်ခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ ယခင်က နယ်စပ်အငြင်းပွားမှုတွေအတွက် နိုင်ငံတကာရဲ့ ဥပဒေပိုင်းဆိုင်ရာ အကူအညီရရှိဖို့ ကြိုးပမ်းခဲ့ပါတယ်။
၁၉၆၂ ခုနှစ်မှာ Preah Vihear ဘုရားကျောင်းအနီး ပိုင်နက်အငြင်းပွားမှုမှာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ကမ္ဘောဒီးယားနိုင်ငံကို အနိုင်ပေးခဲ့သလို ၂၀၁၃ ခုနှစ်မှာလည်း စစ်မဲ့ဇုန်တစ်ခု ထူ ထောင်ဖို့နဲ့ နှစ်ဘက်စလုံးက တပ်ဖွဲ့တွေ ရုတ်သိမ်းဖို့အမိန့်ကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
အဆိုပါအငြင်းပွားမှုတွေမှာ ထိုင်းနိုင်ငံက ICJ ရဲ့ တရားစီရင်ပိုင်ခွင့်ကို ပယ်ချပြီး ပူးတွဲနယ်စပ် ကော်မရှင် (JBC) မှတစ်ဆင့် နှစ်နိုင်ငံ စေ့စပ်ညှိနှိုင်းဖို့ တောင်းဆိုပါတယ်။
၂၀၀၀ ပြည့်နှစ်မှာ တည် ထောင်ခဲ့တဲ့ ပူးတွဲနယ်စပ်ကော်မရှင် (JBC) ဟာ တင်းမာမှုတွေ ဖြေရှင်းရာမှာ အနည်းငယ်သော တိုး တက်မှုသာ ရှိခဲ့ပါတယ်။
South China Morning Post ဝဘ်ဆိုဒ်မှာ ဇွန်လ ၃၀ ရက်က ဖော်ပြထားတဲ့ ဆောင်းပါးရှင် Enoch Wong ရဲ့ Could Cambodia hit the Thai capital with its made-in-China weapons? ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။
TTZ ဘာသာပြန်သည်