ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် စက္ကူစက်ရုံမီးလောင်၊ လုပ်သားခြောက်ဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရ

June 30, 2025

ထိုင်းနိုင်ငံအလယ်ပိုင်း စာရာဘူရီခရိုင်၊ နွန်းခေးဒေသရှိ ဟေမာရတ်စက်မှုဇုန်ထဲက တစ်ရှူး-စက္ကူစက်ရုံကြီးသည် ယနေ့ ဇွန်လ ၃၀ ရက် နေ့လယ်ပိုင်းမှစတင်၍ မီးလောင်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မီးလောင်မှုကြောင့် သေဆုံးသည့် အလုပ်သမား ခြောက်ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားပြီး အလုပ်သမား ၂၂ ဦးလည်း ဒဏ်ရာရကြောင်းမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် ပျောက်ဆုံးသူ နှစ်ဦးရှိနေသေးကြောင်း သတင်းများတွင် ဖော်ပြသည်။

မီးလောင်ဒဏ်ရာရရှိသူများအနက် လေးဦးမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း ဆိုသည်။

မီးလောင်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူများနှင့် ပျောက်ဆုံးသူများမှာ မည်သည့်နိုင်ငံသားများဖြစ်သည်ကို သတင်းဌာနများတွင် ဖော်ပြထားခြင်း မရှိသေးသဖြင့် မြန်မာအလုပ်သမား ပါဝင်ခြင်းရှိမရှိကိုမူ မသိရသေးပေ။

မီးသတ်သမားများနှင့် ကယ်ဆယ်ရေးအဖွဲ့များက မီးကို ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေသည်မှာ နှစ်နာရီခန့်ကြာလာပြီဖြစ်ပြီး လက်ရှိအချိန်အထိ ထိန်းချုပ်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

မီးလောင်မှုကြောင့် မီးတောက်များ၊ မီးလုံးကြီးများ အပေါ်သို့ လွှင့်စင်ထွက်လာသည်ကို တွေ့ရပြီး အရေးပေါ်ကားများက အနီးတွင် အဆင်သင့် ထားရှိကာ ပျောက်ဆုံးနေသူများကို ရှာဖွေနေဆဲဖြစ်ကြောင်း ဆိုသည်။

Ref: Bangkok Post, Fire & Rescue Thailand, Khaosod