BREAKING
November 18, 2025

သရက်ချောင်းမြို့နယ် ရန်တောင်ရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

June 30, 2025

သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်ကားလမ်းပေါ်ရှိ ရန်တောင်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ ဇွန်လ ၃၀ ရက် နေ့လယ်ပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း PDF တပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။

ဇွန်လ ၂၉ ရက် မနက်ပိုင်းက ထားဝယ်မြို့ဘက်မှ ကားဖြင့်ရောက်လာသည့် စစ်ကောင်စီတပ်သည် ရန်တောင်ရွာလယ် ဘုန်းကြီးကျောင်းနှင့် ဒေသခံပြည်သူများ၏ နေအိမ်အတွင်း ဝင်ရောက်တပ်စွဲထားသည်ဟု ယင်းကျေးရွာမှ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“ပစ်ခတ်မှုကတော့ ပစ်လိုက်နားလိုက်ပဲ၊ မိန်းမကြီးတစ်ယောက် လက်နက်ကြီးစမှန်ပြီး သေတယ်လိုလိုလည်း သတင်းတွေကြားတယ်။ အစ်မတို့က မနေ့တည်းက စစ်တပ်လာစွဲကတည်းက ထွက်ပြေးလာကြတာ ရွာထဲမှာလည်း လူတွေမရှိကြဘူးဆိုတော့ သတင်းအတိအကျ မသိရသေးဘူး” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

ရန်တောင်ရွာလယ်ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ပြီး ဒရုန်းဖြင့်လည်း ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု PDF တပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရန် ရန်တောင်ရွာကို ရောက်ရှိနေခြင်းဖြစ်သည်ဟု သတင်းရထားပြီး ယနေ့ နေ့လယ် ၁၂ နာရီခန့်မှ မွန်းလွဲပိုင်း ၂ နာရီခန့်အထိ ပစ်ခတ်မှုဖြစ်နေသည်ဟု သရက်ချောင်းအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခုထိ ပစ်ခတ်နေသေးတယ်၊ အခြေအနေအသေးစိတ် ဘာမှမသိရသေးဘူး” ဟု ၎င်းက ပြောသည်။

လတ်တလောရရှိသည့် သတင်းများအရ ရွာထဲက နေအိမ်အနီး လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲသဖြင့် အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးသည်ဟု သတင်းများထွက်ပေါ်နေသည်။

“မိန်းမကြီးတစ်ယောက် လက်နက်ကြီးအစစင်ပြီးသေတယ်လို့တော့ပြောတယ်။ ကျွန်တော်လည်း ဓာတ်ပုံတွေ အမည်တွေ အသက်တွေလှမ်းမေးထားတုန်းပဲ” ဟု သရက်ချောင်းအခြေစိုက် PDF ရဲဘော် နောက်တစ်ဦးက ပြောသည်။

ဇွန်လ ၂၁ ရက်ကလည်း စစ်ကောင်စီ စစ်သ‌ေင်္ဘာက ရန်တောင်ရွာဘက်ကို လက်နက်ကြီးဖြင့် လှမ်းပစ်နေသဖြင့် ဒေသခံများထွက်ပြေး တိမ်းရှောင်ခဲ့ရသေးသည်။

စစ်ကောင်စီတပ်သည် ရန်တောင်ရွာလယ်ဘုန်းကြီးကျောင်းတွင် မကြာခဏ တပ်လာစွဲလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ကလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။

အခုအခါ နှစ်ဖက်တိုက်ပွဲကြောင့် ရန်တောင်ရွာက ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။