BREAKING
October 20, 2025

ဟောင်ကောင်ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အတိုက်အခံပါတီ ဖျက်သိမ်း

June 30, 2025

ပုံစာ - LSD ပါတီက ပြုလုပ်ခဲ့သည့် တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲ မြင်ကွင်း။ ဓာတ်ပုံ - Reuters

ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားသည့် ဆိုရှယ်ဒီမိုကရက်အဖွဲ့ချုပ်ပါတီ(LSD) ကို နိုင်ငံရေးဖိအားကြောင့် ဖျက်သိမ်းလိုက်ကြောင်း ဇွန်လ ၂၉ ရက်နေ့တွင် ပါတီက ကြေညာလိုက်သည်။

ယင်းမှာ ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသည့် အတိုက်အခံများကို တရုတ်ပြည်မကြီးအစိုးရ၏ နှစ်ပေါင်းများစွာ ဖိနှိပ်မှုအတွင်း ယခုပါတီဖျက်သိမ်းရမှုလည်း တစ်ခုအပါအဝင်ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် ဟောင်ကောင်ကျွန်း၌ တရုတ်ပြည်မအစိုးရကို ဆန့်ကျင်သည့် အကြီးစားဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ ယင်းနောက် တရုတ်ပြည်မအစိုးရက ၂၀၂၀ ခုနှစ် အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းကာ ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသည့် တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တော်တော်များများကို ဖမ်းဆီးထောင်ချခဲ့သည်။

အရပ်ဘက်အဖွဲ့အစည်း ဒါဇင်ပေါင်းများစွာလည်း ဖျက်သိမ်းခံရသည့်အပြင် တရုတ်ပြည်မကြီးအစိုးရကို ဝေဖန်သည့် ဟောင်ကောင်အခြေစိုက် မီဒီယာများလည်း ပိတ်သိမ်းခံခဲ့ရသည်။

ယင်းတို့အနက် LSD ပါတီသည် လမ်းပေါ်လျှပ်တပြက်ဆန္ဒပြပွဲအသေးစားများကို အန္တရာယ်ကြားတွင် မကြာခဏ ပြုလုပ်ခဲ့သည့် တစ်ခုတည်းသော ပါတီဖြစ်သည်။

LSD ပါတီသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဟောင်ကောင်တွင် ဖျက်သိမ်းခဲ့ရသည့် တတိယမြောက် အဓိကအတိုက်အခံပါတီဖြစ်ကြောင်း သိရသည်။

ပါတီဖျက်သိမ်းရန် ဆုံးဖြတ်ချက်ကို သေချာစဉ်းစားချင့်ချိန်ပြီးမှ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း LSD ပါတီဥက္ကဋ္ဌ Chan Po-ying က ပြောသည်။

အထူးသဖြင့် ပါတီဝင်များနှင့် ရဲဘော်များအပေါ် ရိုက်ခတ်လာနိုင်သည့် နောက်ဆက်တွဲများကို ထည့်သွင်းစဉ်းစားပြီးနောက် ယင်းသို့ ဆုံးဖြတ်ခဲ့ရသည်ဟု အဆိုပါအမျိုးသမီးက ဆိုသည်။

“ကျွန်မတို့ရဲ့ မူလပန်းတိုင်နဲ့ မသွေဖည်အောင် ကျွန်မတို့ နေထိုင်ခဲ့တယ်။ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့သူတွေ ကျွန်မတို့အပေါ်မှာ ထားထားတဲ့ ယုံကြည်ချက်ကို ကျွန်မတို့ မချိုးဖောက်ခဲ့ဘူး”ဟု ၎င်းကပြောသည်။

“အခုတော့ ကျွန်မတို့ဟာ ပါတီကို မဖြစ်မနေ ဖျက်သိမ်းရတော့မယ်။ ကျွန်မတို့ စိတ်ထဲမှာ နာကျင်ရပါတယ်။ ကျွန်မတို့မှာ အခြားရွေးချယ်စရာ မရှိပါဘူး” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ပါတီအပေါ် ကျရောက်နေသည့် ဖိအားများအကြောင်းကိုမူ သူမက အသေးစိတ်ပြောကြားခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားမှုအပေါ် တစုံတရာ အကျိုးပြုနိုင်ခဲ့သည့်အတွက်မူ ဂုဏ်ယူကြောင်း ၎င်းကပြောသည်။

Source: Reuters