လောင်းလုံးမြို့နယ်အား လျှပ်စစ်ဓာတ်အား လုံးဝမပေးတော့ဘဲ ဖြတ်တောက်ထားသည်ဆိုသည်မှာ မဟုတ်ဘဲ လျှပ်စစ် ဓာတ်အား ပြန်ပေးနိုင်ရန်ဆောင်ရွက်နေကြောင်း လောင်းလုံးမြို့နယ် လျှပ်စစ်မှူးက Dawei Watch ကို ပြောသည်။
ပျက်စီးသွားသည့် အစိတ်အပိုင်းများအား ပြန်လည်ပြုပြင်ရန် လုံခြုံရေးအခြေအနေအရ ကြန့်ကြာမှုများရှိခြင်းကြောင့် လတ်တလော လောင်းလုံးမြို့နယ်အား လျှပ်စစ်မီးဖြန့်ဖြူးပေးရန် ကြန့်ကြာနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“မီးလိုင်းတွေ ပြန်စစ်ပြီး ပြန်ပေးမှာပါ။ အခုက လုံခြုံရေးအခြေအနေအရ အခက်အခဲရှိနေလို့ပါ။ လုံးဝပြန်မပေးတော့ဘူး ဆိုတာတော့ မဟုတ်ပါဘူး” ဟု လောင်းလုံးမြို့နယ်လျှပ်စစ်မှူးက ယနေ့ ဇွန်လ ၃၀ ရက်တွင် ပြောဆိုသည်။
မည်သည့်အချိန် လျှပ်စစ်မီးပြန်ရနိုင်ကြောင်း မေးမြန်းရာတွင်မူ လုံခြုံရေးအခြေအနေပေါ်တွင်သာမူတည်ပြီး အလွန်ဆုံး တစ်လအတွင်း လျှပ်စစ်ဖြန့်ဖြူးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။
လောင်းလုံးမြို့ပေါ်ကိုမူ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့်လည်း လျှပ်စစ်မီးပြန်ပေးရန်အတွက် လျှပ်စစ်ဓာတ်အားလိုင်း စစ်ဆေးမည့် ဝန်ထမ်းများအား မည်သို့သော ဟန့်တားနှောင့်ယှက်ခြင်းမျိုးကိုမျှ လုပ်ဆောင်မည်မဟုတ်ကြောင်း ယင်းဖွဲ့ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။
“ပြည်သူတွေအတွက် လျှပ်စစ်မီးကတော့လိုတယ်။ သူတို့ (လျှပ်စစ်ဌာန) ဘက်ကနေပြီးတော့ အဲဒီကိစ္စနဲ့ ဘာမှ ပြောလာတာတော့ မရှိဘူးပေါ့နော်။ သူတို့ဘာသာလျှပ်စစ်မီးလိုင်းတွေ လာပြင်မယ်ဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ ဘာမှလုပ်မှာ မဟုတ်ပါဘူး။ ဘာမှပြောမှာ မဟုတ်ပါဘူး။ အရင်ကလည်းပြောတာ မရှိဘူးပေါ့နော်” ဟု ၎င်းက ဆိုသည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခြင်းမရှိသောကြောင့်သာ မီတာခလာရောက်မကောက်ခံရန် ပြောဆိုမှုရှိပြီး ယခုလျှပ်စစ် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးမည်ဆိုပါက လက်ကျန်မီတာခများကိုလည်း ကောက်ခံနိုင်ကြောင်း ၎င်းက ပြောဆိုသည်။
လောင်းလုံးမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားသည့် မေလ နောက်ဆုံးအပတ်မှစပြီး မြို့နယ်အတွင်းရှိ ကျေးရွာ ၄၀ ခန့် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့သည်မှာ ယနေ့ဇွန်လ ၃၀ ရက်အထိ တစ်လဝန်းကျင်ရှိနေပြီဖြစ်သည်။
ထိုကဲ့သို့ ရက်ရှည်လျှပ်စစ်မီးပြတ်တောက်သွားခြင်းကြောင့် ဒေသတွင်း ဖုန်းတာဝါတိုင်များ အလုပ်မလုပ်တော့သဖြင့် ဆက်သွယ်ရေးပြတ်တောက်ခြင်း၊ လျှပ်စစ်ဓာတ်အားကို မှီခိုနေရသည့် လုပ်ငန်းများရပ်တန့်သွားခြင်းများ အပါအဝင် ဒေသခံများ၏ နေ့စဉ်လူနေမှုဘဝ အခြေအနေများကိုပါ ရိုက်ခတ်လျှက်ရှိသည်။
ဒေသခံများမှာ လျှပ်စစ်ပြတ်တောက်နေသည့်ကာလအတွင်း ဒီဇယ်မီးစက်၊ ဆိုလာ၊ ဘက်ထရီအိုး စသည့် ပစ္စည်းများ ဝယ်ယူပြီး လျှပ်စစ်အခက်အခဲကို ဖြေရှင်းနေရသဖြင့် ငွေကုန်ကြေးကျများပြားကြောင်း ညည်းတွားနေကြသည်။