BREAKING
May 31, 2025

စစ်ကောင်စီစစ်ကြောင်း မင်းဒပ်ရွာသား ၂၀ကျော်ကို ဖမ်းဆီးထား

May 30, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ဝင်းဝစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်း သည် မင်းဒပ်ရွာသား ၂၀ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

မေလ ၂၈ နံနက် ၃ နာရီခွဲတွင် အင်အား ၇၀ ခန့်ရှိသည့် စစ်ကြောင်းသည် ဝင်းဝစခန်းမှ မင်းဒပ်ရွာဘက်သို့ စစ်ကြောင်းထိုးခဲ့ပြီး ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့၏ စခန်းငယ်များကို ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံအချို့နှင့် ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့တို့ထံမှ သိရသည်။

စခန်းကို ဝင်ရောက်စီးနင်းချိန် ရဲဘော်များလွတ်မြောက်ခဲ့ပြီး M-16 တစ်လက်နှင့် စခန်းရှိပစ္စည်းအချို့ကိုမူ စစ်ကောင်စီတပ်က သိမ်းယူခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

အဆိုပါစစ်ကြောင်းသည် မင်းဒပ်ရွာအရှေ့ဘက် သစ်တိုကုန်းရပ်ကွက်တွင် တပ်စွဲထားပြီး အရပ်သား ၂၃ဦးကို သုံးထပ်တိုက်တစ်လုံးတွင် လူသားဒိုင်းသဖွယ် ခေါ်ယူထိန်းသိမ်းထားကြောင်း မင်းဒပ်ရွာသားတစ်ဦးက ဆိုသည်။

“မနေ့က သူတို့ထဲက အသက်ကြီးပိုင်း လင်မယားနှစ်ယောက်ကိုပြန်လွှတ်ပေးလိုက်တယ်။ အခုဖမ်းထားတာ အားလုံး နှစ်ဆယ့်တစ်ယောက်ပေါ့။ အဲ့ဒီထဲမှာ ဆယ်ကျော်သက် မိန်းကလေးတွေရော၊ လူကြီးလူငယ်အားလုံးပါတယ်။ သူတို့ထဲက လူငယ်သုံးလေးယောက်က တစ်ဖွဲ့တည်းအတူမရှိဘဲ ပျောက်နေတယ်လို့လဲ ပြောတယ်၊ အဲဒါကြောင့် စိတ်ပူနေကြတယ်” ဟု ၎င်းက ပြောသည်။

အရပ်သား ၂၁ ဦးအနက် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်အမျိုးသားသုံးလေးဦး ပျောက်နေပြီး ကျန်လူများကို အထက်ပါ သုံးထပ်တိုက်တွင် ထိန်းသိမ်းထားသည်မှာ ၃ ရက်ရှိလာပြီဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူတို့၏ ပြောဆိုချက်ကို အခြေခံကာ အထက်ပါဒေသခံက ပြောဆိုသည်။

ဝင်းဝစခန်းနှင့် မင်းဒပ်ရွာတို့မှ စစ်ကောင်စီတပ်သည် အခြားရွာများဘက်သို့ လက်နက်ကြီးဖြင့်လည်း မကြာခဏ ပစ်ခတ်နေကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် မေလ ၂၆ ရက်ကလည်း မင်းဒပ်၊ ချောင်းဝပြင်ရွာများဘက်ကို စစ်ကြောင်းထိုးခဲ့ပြီး မင်းဒပ်ရွာက ရဟန်းတစ်ပါးအပါအဝင် အရပ်သား ၁၅ ဦးခန့်ကို ဖမ်းဆီးခဲ့သေးသည်။

ည ၈ နာရီတွင် ဝင်းဝစခန်းသို့ ဆုတ်ခွာချိန် ဒေသခံများကို စစ်ကြောင်းနှင့်အတူခေါ်ဆောင်ခဲ့ပြီး ယင်းနောက် ဒေသခံများကို ပြန်လွှတ်ခဲ့ကာ အသက် ၆၀ ကျော် ရဟန်းတစ်ပါးကိုမူ ယနေ့အချိန်အထိ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။