လောင်းလုံးမြို့အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ယနေ့(မေ ၃၀) နံနက် ၉ နာရီဝန်းကျင်ခန့်မှစ၍ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ထားဝယ်မြို့၊ကြက်စားပြင်ရပ်ကွက်၌ရှိသော အောင်တံခွန်ငါးဈေးနှင့် ကာစတန်ဘက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သလို လောင်းလုံးမြို့၏အနောက်ဘက် ပင်လယ်ရှိ ရေတပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း လောင်းလုံးမြို့အနီး ကျေးရွာတစ်ရွာ၌နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
“အချက်ရေ နှစ်ဆယ်လောက်ရှိပြီ ပစ်နေတာ မနေရဲသူတွေကလည်း ဘေးလွတ်ရာ သွားကုန်ကြပြီ”ဟု ယင်းဒေသခံကပြောသည်။
အဆိုပါလက်နက်ကြီး ကျည်ဆန်များမှာ လောင်းလုံးမြို့အနီးရှိ သဗျာရွာနှင့် ညင်းဝကျေးရွာ များအနီးကျရောက်ပေါက်ကွဲနေပြီး လူနှင့်နေအိမ်ထိခိုက်မှုရှိမရှိကိုမူ မသိရသေးကြောင်း ဒေသခံတို့ကပြောသည်။
KNU/KNLA တပ်များနှင့် PDF တပ်များက လောင်းလုံးမြို့ကို မြို့သိမ်းတိုက်ပွဲတိုက်ရန် မြို့အနီး အခြေချနေကြောင်း၊ စစ်ကောင်စီလော်ဘီ အမဲလိုက်မုဆိုးကြီး တယ်လီဂရမ် ချန်နယ်မှ မေလ ၂၉ ရက်နေ့မှစ၍ ဆက်တိုက်ဝါဒဖြန့် ရေသားခဲ့ပြီးနောက် ယခုလိုပစ်ခတ်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
သို့သော် လောင်းလုံးမြို့ နှင့် မြို့၏အနီးတွင် ယနေ့ နံနက်ပိုင်းမှစ၍ စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမှအပ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် မြို့ခံအချို့ကပြောသည်။
“နှစ်ဘက်ပစ်တာမျိုးတော့မရှိသေးဘူး စစ်တပ်ဖက်က ရေထဲကရော ၊ကုန်းပေါ်က လက်နက်ကြီးတွေ ပစ်နေတာပဲရှိတယ်”ဟု လောင်းလုံးမြို့ခံတစ်ဦးကပြောသည်။
ယင်းအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှလည်း “တိုက်ပွဲတော့မဖြစ်သေးဘူး” ဟု ယနေ့ ညနေ ၃ နာရီခန့် အချိန်တွင် Dawei Watch သို့ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုမှာ ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ငြိမ်သက်သွားခဲ့ကြောင်း ဒေသခံများကပြောသည်။
ထားဝယ်ခရိုင်အတွင်း လောင်းလုံး၊ရေဖြူ၊သရက်ချောင်းမြိုနယ်များတွင် မေလ တတိယပတ်မှစကာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာနေသည်။