BREAKING
May 31, 2025

မြိတ်တွင် အိမ်သုံးဆေးဝါးသယ်ဆောင်မှုဖြင့် ဖမ်းဆီးခံရသူငါးဦးအဆက်အသွယ်ပြတ်

May 30, 2025

ပုံစာ - ကြေးနန်းတိုင်တံတား။

မြိတ်မြို့နယ်၊ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်ရှိ ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် အိမ်သုံးဆေးဝါးများ ဖမ်းဆီးခံရပြီးနောက် နောက်ဆက်တွဲဖမ်းဆီးခံရသူ ငါးဦးမှာ မိသားစုနှင့်အဆက်အသွယ် ပြတ်တောက်နေကြောင်း ဒေသခံအချို့၊ မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ယခုနှစ် မတ်လ ၂၇ရက်ကစပြီး ကြေးနန်းတိုင်တံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဆေးဝါးသယ်ဆောင်ခွင့် ပိတ်ပင်ထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးနေသည်။

မေလ ၁၄ရက်တွင် ဓာတ်ဆီပီပါများ တင်ဆောင်လာပြီး မြိတ်မြို့မှ တနင်္သာရီဘက်သို့လာသည့် ကုန်ကားကို စစ်ဆေးရာ အိမ်သုံးဆေးဝါးများ ဖမ်းမိခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်သားများက ကားသမားကို ဖမ်းဆီးခဲ့ပြီး မြိတ်မြို့တွင်နေထိုင်သည့် အခြားသူငါးဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။

”ဓာတ်ဆီကားကိုဖမ်းပြီး ညတွင်းချင်းပဲ သူတို့နေအိမ်တွေမှာ လာဖမ်းသွားကြတယ်။ လင်မယားအတွဲက နှစ်တွဲနဲ့ မိန်းကလေးက တစ်ယောက်၊ စုစုပေါင်း ငါးယောက် လာဖမ်းသွားကြတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

အဖမ်းခံရသူငါးဦးမှာ မေလ ၂၉ ရက်အထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း မိသားစုနှင့်နီးစပ်သူထံမှ သိရသည်။

မြိတ်မြို့ရှိ ဖမ်းဆီးခံရသူများမှာ မြင့်မိုရ်ဆေးရုံမှ သူနာပြုတစ်ဦးနှင့် ၎င်း၏ခင်ပွန်း၊ သူနာပြု အစ်မဖြစ်သူ၏ ဇနီးမောင်နှံ ပါဝင်ပြီး ကျန်တစ်ဦးမှာမူ မသိရသေးကြောင်း သူနာပြုမိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

“ဖမ်းဆီးခံရသူတွေကို မိသားစုနဲ့ တစ်ကြိမ်ပေးတွေ့ပြီးနောက် အခုအချိန်ထိ အဆက်အသွယ်ဖြတ်တောက်ထားတယ်။ မိသားစုက တွေ့ခွင့်တောင်းလည်း နောက်ပိုင်း ပေးမတွေ့တော့ဘူး” ဟု အထက်ပါမိသားစုနှင့် နီးစပ်သူက ဆိုသည်။

အဖမ်းခံရသူများကို မည်သည့်နေရာတွင် တွေ့ခွင့်ရခဲ့သည်ကိုမူ မေးမြန်းခွင့်မရသေးပေ။

ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် ဆေးဝါးတင်ခွင့်ပိတ်ပြီးနောက် ဆေးဝါးတင်ဆောင်လာသည့်သူများကို ဖမ်းဆီးနေသည်မှာ ခုနစ်ဦးထက်မနည်းရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်ကလည်း စားသုံးဆီဘူး ၅ ဘူးသယ်လာသည့် တညက်ကျေးရွာနေ အသက်၅၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီးတစ်ဦးကို အဆိုပါစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားများက စစ်ဆေးပြီး စားဆီတစ်ဘူးကို အတင်းအဓမ္မသောက်ခိုင်းပြီးနောက် သေဆုံးသွားခဲ့သည်။