BREAKING
May 31, 2025

စစ်မှုထမ်း သင်တန်းဆင်းနှစ်ဦး ဒေါနတပ်ရင်းထံ လက်နက်နှင့်အတူခိုလှုံ

May 30, 2025

ပုံစာ - ဘက်ပြောင်းလာသူနှစ်ဦး နှင့် ဒေါနတပ်ရင်း တာဝန်ရှိသူ ရဲဘော်စောဒါးကို ။ ဓာတ်ပုံ - ဒေါနတပ်ရင်း ။

စစ်မှုထမ်း အပတ်စဥ် ၆ သင်တန်းဆင်းနှစ်ဦး မေလ ၂၉ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဒေါနစစ်ကြောင်း ၊ ဒေါနတပ်ရင်းထံ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံ လာခဲ့သည်ဟု ယင်းတပ်ရင်းက ထုတ်ပြန်သည် ။

ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် ပဲခူးတိုင်း ၊ ဒိုက်ဦးမြို့နယ်မှ အသက် ၂၀ အရွယ် ကိုရန်လင်းထွန်းနှင့် အသက် ၂၄ နှစ်အရွယ် ကိုနေသူအောင်တို့ဖြစ်ကြသည်။

ကိုရန်လင်းထွန်းသည် သာမန်ကျောင်းသားလူငယ်တစ်ဦးဖြစ်ကာ ညဘက်အပြင်သွားစဥ် စစ်သားစုဆောင်းခံရခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ်ကယ်ရီဆွဲနေသည့် ကိုနေသူအောင် သည်လည်း ညဘက်ဆိုင်ကယ် ကယ်ရီဆွဲနေရင်း စစ်သားစုဆောင်းခံခဲ့ရကြောင်း ကာယကံရှင်များ ၏ ပြောပြချက်ကို ကိုးကား၍ ဒေါနစစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကို ကပြောပြသည် ။

၎င်းတို့ နှစ်ဦးစလုံးသည် စစ်မှုထမ်း အပတ်စဥ် ၆ သင်တန်းကို မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ် ၊ဝဲကလိရွာအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းတွင် တက်ရောက်ခဲ့ရပြီး တနင်္သာရီမြို့နယ် ၊ အခြေစိုက် ခမရ ၅၅၈ စစ်ကောင်စီတပ်ရင်းသို့ ပို့ဆောင်ခံရသူများဖြစ်ကြောင်း ရဲဘော်စောဒါးကို ကပြောသည် ။

ယခင်ထွက်ပြေးလွတ်မြောက်ခဲ့သည့် စစ်မှုထမ်းသင်တန်းဆင်း ရဲဘော်များနှင့်ချိတ်ဆက်ကာ လက်နက်နှင့်အတူ ဒေါနတပ်ရင်းထံ ဘက်ပြောင်း ခိုလှုံလာကြောင်း ယင်းတပ်ရင်း ထံမှသိရသည်။

ဘက်ပြောင်းလာသူ နှစ်ဦးတွင် MA 3 သေနတ်တစ်လက် ၊ ကျည်ဘောက် တစ်ခုနှင့် ကျည်ဆန်များ ပါလာခဲ့ပြီး လက်ရှိတွင် တပ်ရင်းအစီအစဥ်ဖြင့် အသုံးစရိတ်ချီးမြှင့်ထားကာ နောက်ထပ် ဆုထပ်ချီးမြှင့်နိုင်ရန် အမျိုးသားညီညွတ်ရေး အစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနကို တင်ပြထားသည်ဟု ရဲဘော်စောဒါးကို ကပြောပြသည် ။

“ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုဆုငွေပေးဖို့လည်းစီစဥ်နေပါတယ် ။လောလောဆယ်အသုံးစရိတ်တွေပေးထားပါတယ် ။ သူတို့က စကစကိုပြန်တိုက်မယ်လို့တော့ပြောတယ် ။ ဒါပေမဲ့ကျွန်တော်​တို့က စိစစ်ဦးမှာပါ ။ အချိန်တစ်ခုစောင့်ပြီးမှသာ တာဝန်ပြန်ပေးထမ်းမှာပါ “ ဟု ၎င်းကပြောဆိုသည် ။

ယခုနှစ် ဖေဖော်ဝါရီလကလည်း တနင်္သာရီ အခြေစိုက် ခမရ ၅၅၈ စစ်ကောင်စီ တပ်ရင်းက တပ်ကြပ်တစ်ဦးအပါအဝင် စစ်မှုထမ်း သင်တန်းဆင်းခုနစ်ဦး လက်နက်များ နှင့်အတူ ဘက်ပြောင်းခိုလှုံခဲ့သေးသည် ။