ရေဖြူမြို့ နယ်ရှိ ထားဝယ်အထူးစီးပွားရေဇုန်ဒေသသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းသွားသည့် ရေဖြူဒေသခံ အမျိုးသား၊ အမျိုးသမီး ၁၂ဦးထက်မနည်းမှာ သုံးရက်အကြာ မေလ ၃၀ ရက်အထိ ပြန်မလွတ်လာသေးကြောင်း ဒေသခံများက ပြောသည်။
ရေဖြူမြို့မှ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် မေလ ၂၈ ရက်တွင် ဒေသခံများကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
အဖမ်းခံရသည့် ဒေသခံများမှာ ရလိုင်၊ ပုဂေါဇွန်းနှင့် ခမောင်းချောင်းရွာသူရွာသားများ ဖြစ်ကြပြီး ရလိုင်ရွာက ဒေသခံ အမျိုးသား၊ အမျိုးသမီး ခြောက်ဦး၊ ခမောင်းချောင်းရွာသား သုံးဦးထက်မနည်းနှင့် ပုဂေါဇွန်းရွာက သုံးဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“အဲဒီထဲမှာ လင်မယားတွဲ တွေလည်းပါတယ်။ အသက်ကြီး သူတွေလည်းပါတယ်။ တောထဲ မြက်ခုတ်သွားရင်းနဲ့ စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းခေါ်သွားတာ” ဟု ၎င်းက ပြောသည်။

ရေဖြူဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကောင်စီတပ်သည် ဧကနိရွာအနီးတဝိုက်တွင် ရောက်ရှိနေပြီး မေလ ၂၉ ရက် နံနက်ပိုင်းကစပြီး တော်လှန်တပ်တို့နှစ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ဒီနေ့ကျတော့ မနက် ၆ နာရီလောက်ကတည်းက ပစ်နေကြတယ်” ဟု ၎င်းက ပြောဆိုသည်။
စစ်ကောင်စီ စစ်ကြောင်းမှာ ယနေ့ မေလ ၃၀ ရက် နေ့လယ်ပိုင်းတွင် ဧကနိကျေးရွာအနီး တောထဲမှ ပြန်လည်ဆုတ်ခွာနေကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံထားရသည့် ဒေသခံများမှာလည်း စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်ခံနေရသည်ကို တွေ့ရှိရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့၏ ပြောဆိုချက်ကို ကိုးကားကာ ၎င်းတို့နှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။







