BREAKING
May 31, 2025

ဂါဇာအပစ်ရပ်ရေး အမေရိကန်အဆိုပြုချက်သစ်ကို ဟားမတ်စ် ငြင်းပယ်

May 30, 2025

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံပြန်လွှတ်ပေးရေး သဘောတူညီချက်သစ်ရရှိရေးအတွက် အမေရိကန် အဆိုပြုချက်ကို ငြင်းပယ်သွားမည်ဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

အစ္စရေးဘက်က အဆိုပါ အဆိုပြုချက်ကို သဘောတူညီထားပြီးဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအဆိုပြုချက်အပေါ် ဟားမတ်စ်ဘက်က တရားဝင်တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြောင်း အိမ်ဖြူတော်က ဆိုသည်။

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုက ၎င်းအနေဖြင့် အမေရိကန်၏ အဆိုပြုချက်ကို လက်ခံကြောင်း အစ္စရေးဓားစာခံများ၏ မိသားစုများကို ပြောကြားခဲ့သည်။

အသက်ရှင်နေသေးသည့် အစ္စရေးဓားစာခံ ၁၀ ဦးနှင့် ဓားစာခံ ၁၈ ဦး၏ ရုပ်အလောင်းကို ဟားမတ်စ်ဘက်က ပြန်လွှဲ ပြောင်းပေးလျှင် အစ္စရေးဘက်က ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရမည်ဟု အမေရိကန်၏ အဆိုပြုချက်တွင် ပါရှိသည်။

ယင်းအပြင် အစ္စရေးဘက်က ဖမ်းဆီးထိန်းသိမ်းထားသည့် ပါလက်စတိုင်းအကျဉ်းသားများကိုလည်း ပြန်လွှတ်ပေးရမည်ဟုလည်း ပါရှိကြောင်း သိရသည်။

အမေရိကန်၏ အဆိုပြုချက်တွင် စစ်ပွဲအဆုံးသတ်ရေးကဲ့သို့ အဓိကတောင်းဆိုချက်များ မပါဝင်ကြောင်း ဟားမတ်စ်ဘက်မှ ဆိုသည်။

ဟားမတ်စ်အဖွဲ့က ၎င်းတို့အနေဖြင့် သင့်တော်သည့်အချိန်အတွင်း တုံ့ပြန်သွားမည်ဟု ပြောသည်။

ယင်းအပေါ် အစ္စရေးအစိုးရဘက်က တရားဝင် မှတ်ချက်ပေးခြင်း မရှိသေးပေ။

Source: BBC