ဗီယက်နမ်စစ်ပွဲ အဆုံးသတ်မှု အနှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ကြီးမားသည့် အောင်ပွဲခံစစ်ရေးပြ ချီတက်ပွဲအခမ်းအနားကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ယနေ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည်။
ယခုစစ်ရေးပြချီတက်ပွဲအခမ်းအနားတွင် ပထမဆုံးအကြိမ်အဖြစ် တရုတ် ၊ လာအိုနှင့် ကမ္ဘောဒီးယားမှ တပ်ဖွဲ့များကလည်း ဗီယက်နမ်တပ်ဖွဲ့များနောက်တွင် လိုက်ပါချီတက်ခဲ့ကြသည်။
စစ်ပွဲအဆုံးသတ်မှု အနှစ် ၅၀ ပြည့်အထိမ်းအမှတ် အဆိုပါ စစ်ရေးပြချီတက်ပွဲအခမ်းအနားကို ဗီယက်နမ်ပြည်သူအမြောက်အများ လာရောက်ကြည့်ရှုခဲ့ကြသည်။
အများစုမှာ စစ်ရေးပြချီတက်ပွဲအခမ်းအနား ကျင်းပမည့် နေရာပြင်ပတွင် ညအိပ်ကြိုတင်စောင့်ဆိုင်းခဲ့ကြသည်။
စစ်ရေးပြပွဲအခမ်းအနားသို့ လာရောက်ကြည့်ရှုသည့် ဗီယက်နမ်ပြည်သူများကလည်း အနီရောင်အလံများ ဝှေ့ယမ်းကာ နိုင်ငံအပေါ် မြတ်နိုးတန်ဖိုးထားသည့် သီချင်းများ သီဆိုခဲ့ကြသည်။
ဟယ်လီကော်ပတာနှင့် ဂျက်လေယာဉ်များကလည်း ဗီယက်နမ်နိုင်ငံအလံကို သယ်ဆောင်လာကာ ပျံသန်းခဲ့ကြသည်။
အဆိုပါ စစ်ရေးပြချီတက်ပွဲအခမ်းအနားတွင် စစ်ရေးပြတပ်ဖွဲ့များ ၊ စစ်မှုထမ်းဟောင်းများနှင့် သာမန်ပြည်သူများ အပါအဝင်လူပေါင်း ၁၃,၀၀၀ ခန့် ပါဝင်ခဲ့ကြကြောင်း သိရသည်။












၁၉၅၄ ခုနှစ်တွင် စတင်ခဲ့သည့် ဗီယက်နမ်စစ်ပွဲသည် ၁၉၇၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။
အမေရိကန်ကျောထောက်နောက်ခံပြု တောင်ဗီယက်နမ်အစိုးရ၏ မြို့တော်ဆိုင်ဂုံကို မြောက်ဗီယက်နမ်ကွန်မြူနစ်များက သိမ်းပိုက်နိုင်ခဲ့ချိန်တွင် စစ်ပွဲပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။
တောင်ဗီယက်နမ်မှ အမေရိကန်၏ နောက်ဆုံးတိုက်ခိုက်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် ဆိုင်ဂုံမြို့သည် မြောက်ဗီယက်နမ်တပ်ဖွဲ့များ လက်တွင်းသို့ ကျရောက်သွားခဲ့သည်။
ဆိုင်ဂုံကျဆုံးခန်းသည် ဗီယက်နမ်ပြည်သူ ၃ သန်းနှင့် အမေရိကန်နိုင်ငံသား ၆၀,၀၀၀ သေဆုံးခဲ့ရသည့် ဗီယက်နမ်စစ်ပွဲကို အဆုံးသတ်စေခဲ့သည်။
စစ်ပွဲပြီးဆုံးပြီးနောက် မကြာမီပင် ဆိုင်ဂုံမြို့ကို ဟိုချီမင်းမြို့ဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့သည်။ မြောက်ဗီယက်နမ်ခေါင်းဆောင် ဟိုချီမင်းအား ဂုဏ်ပြုသည့်အနေဖြင့် ယင်းသို့ အမည်ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ဖြစ်သူ တိုလမ်က စစ်ရေးပြချီတက်ပွဲမစတင်မီ ၎င်း၏ မိန့်ခွန်းတွင် “ဒါဟာ မင်းဆိုးမင်းညစ်ရဲ့ အုပ်စိုးမှုအပေါ် တရားမျှတမှုရဲ့ အောင်ပွဲပဲ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
“ဗီယက်နမ်ဟာ တစ်ခုတည်းပဲ။ ဗီယက်နမ်ပြည်သူတွေဟာ တစ်စုတစ်စည်းတည်းပဲ။ မြစ်တွေ ခမ်းခြောက်ချင်ခမ်းခြောက်သွားမယ်၊ တောင်တွေ ခြစားပျက်စီးချင်ပျက်စီးသွားမယ်။ အဲဒီအမှန်တရားကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး” ဟူသည့် ဟိုချီမင်း၏ ဆောင်ပုဒ်ကို တိုလမ်က ပြန်လည်ကိုးကားပြောဆိုခဲ့သည်။
မြောက်ဗီယက်နမ်၏ အောင်ပွဲအတွက် ယခင်ဆိုဗီယက်ပြည်ထောင်စုဟောင်းနှင့် တရုတ်နိုင်ငံ၏ ကြီးမားသည့် အကူအညီများကို ကျေးဇူးတင်ကြောင်း တိုလမ်က ပြောကြားခဲ့သည်။
လာအိုနှင့် ကမ္ဘောဒီးယား၏ မြောက်ဗီယက်နမ်နှင့်အတူ ရပ်တည်ပေးခဲ့မှုကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာအနှံ့မှ တိုးတက်သော ပြည်သူများ၏ ထောက်ခံအားပေးမှုကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။
စစ်ရေးပြချီတက်ပွဲကို ကြည့်ရှုရန် ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဟနွိုင်းမှ ဆိုင်ဂုံမြို့သို့ လာရောက်ခဲ့သည့် အသက် ၇၅ နှစ်အရွယ် ဗီယက်နမ်စစ်မှုထမ်းဟောင်းတစ်ဦးက
“တောင်ဗီယက်နမ်ကို လွတ်မြောက်အောင် ပါဝင်အကျိုးပြုနိုင်ခဲ့တဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်”ဟု AFP သတင်းဌာနကို ပြောကြားခဲ့သည်။
“ပြီးခဲ့တာတွေက ပြီးသွားခဲ့ပါပြီ။ ကျွန်တော်တို့ စစ်တိုက်ခဲ့ရတဲ့ လူတွေအပေါ် ကျွန်တော်မှာ ဘာအမုန်းတရားမရှိပါဘူး။ စစ်ပွဲပြီးဆုံးသွားတဲ့အပေါ် အောင်ပွဲခံဖို့ ကျွန်တော်တို့ လက်ချင်းချိတ်ထားသင့်ပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။
အသက် ၆၉ နှစ်အရွယ် ဗီယက်နမ်စစ်မှုထမ်းဟောင်းတစ်ဦးကလည်း အမေရိကန်နှင့် ဗီယက်နမ်အကြား ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုအတွက်သာ နေရာရှိသည်ဟု AP သတင်းဌာနကို ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဗီယက်နမ်နိုင်ငံသည် အမေရိကန်နှင့် ကောင်းမွန်သော ဆက်ဆံရေးအခြေအနေတွင် ရှိသည်။ ယခုနှစ်သည် ဗီယက်နမ်နှင့် အမေရိကန်အကြား သံတမန်ဆက်ဆံရေးထူထောင်မှု အနှစ် ၃၀ ပြည့်သည့် နှစ်လည်း ဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်အစိုးရက အမေရိကန်ကို မဟာဗျူဟာမြောက်မိတ်ဘက်နိုင်ငံအဖြစ် တရုတ် ၊ ရုရှားနှင့်တန်းတူထားပြီး သတ်မှတ်ခဲ့သည်။
Source: DW News