BREAKING
April 30, 2025

ထိုင်းတွင် ဖုန်းမှတစ်ဆင့် အရေးပေါ်သတိပေးမည့် အစီအစဉ်ကို မေ ၂ ရက်တွင် စတင်စမ်းသပ်မည်

April 30, 2025

ထိုင်းနိုင်ငံတွင် ဖုန်းလိုင်းများမှတစ်ဆင့် အရေးပေါ်သတိပေးမည့် ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် သတိပေးချက်စနစ် စမ်းသပ်မှုများကို လာမည့် မေလ ၂ ရက်နေ့တွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖုန်းအော်ပရေတာဖြစ်သော True၊ Dtac ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ငလျင်ကဲ့သို့ ဘေးအန္တရာယ်ကျရောက်သောအချိန် အရေးပေါ်သတိပေးချက်များကို ဖုန်းကတစ်ဆင့် ချက်ချင်းအသိပေးနိုင်ရန် ရည်ရွယ်၍ ပြည်သူ့အရေးပေါ်ကယ်ဆယ်ရေးဌာနဘက်က ကြိုတင်စမ်းသပ်ခြင်းဖြစ်သည်။

ထို့ကြောင့် ထိုင်းနိုင်ငံအတွင်း True Dtac ဖုန်းသုံးစွဲသူများအနေဖြင့် မိမိ၏ ဖုန်းများပေါ်တွင် အရေးပေါ်သတိပေးစာနှင့်အတူ သတိပေးချက် အသံများကို ကြားရပါက မစိုးရိမ်ကြရန် Dtac call centre ဝန်ထမ်းတစ်ဦးက ပြောသည်။

“အရေးပေါ် တစ်ခုခု ကြုံလာတဲ့အခါ ဖုန်းကနေ အော်တို SMS ပို့ပြီး သတိပေးချက် ပို့မှာပေါ့နော်။ ဒါကို ကြိုတင်စမ်းသပ်လုပ်ဆောင်တာပါ။ ဖုန်းသုံးစွဲသူတွေအနေနဲ့ ထိတ်လန့်ဖို့မလိုသလို သုံးစွဲသူတွေ ဘာမှ ပြန်ပို့စရာ မလိုပါဘူး” ဟု Dtac call centre ဝန်ထမ်းက ဆိုသည်။

အရေးပေါ်သတိပေးချက်စနစ်ကို လာမည့် မေလ ၂ ရက်နေ့ နေ့လယ် ၁ နာရီတွင် ချင်းရိုင်၊ ဥဘွန်းရတ်ချ်ဌာနီ၊ စူဖန်ဘူရီ၊ စုန်ခရာ၊ ဘန်ကောက်မြို့ ချန်ဝတ်ထနနယ်မြေအနီးတွင် စတင်စမ်းသပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နောက် မေလ ၇ ရက်နေ့တွင် တစ်ကြိမ်၊ မေလ ၁၃ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် နေ့လယ် ၁ နာရီအချိန်များတွင် တစ်နိုင်ငံလုံးအတိုင်းအတာအထိ စမ်းသပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

စမ်းသပ်ပြုလုပ်ချိန်တွင် “This is test message from Department of Disaster Prevention and Mitigation (DDPM) No action required” ဟူသော စာတိုကို ဖုန်းများက လက်ခံရရှိမည်ဖြစ်သည်။

အဓိပ္ပာယ်မှာ ဤအကြောင်းကြားစာသည် ပြည်သူ့အရေးပေါ်ကယ်ဆယ်ရေးဌာနမှ သတိပေးချက်များကို စမ်းသပ်ခြင်းသာဖြစ်သည့်အတွက် ကျေးဇူးပြု၍ မစိုးရိမ်ကြရန် ဖြစ်သည်။

ဖုန်းများသည် 4G၊ 5G ချိတ်ဆက်ထားပြီး Android 11 သို့မဟုတ် iOS 18 အထက် အသုံးပြုသော ဖုန်းများ သတိပေးချက် လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။

အကယ်၍ သတိပေးချက် ပြုလုပ်နေသောအချိန်တွင် ဖုန်းစက်ပိတ်ထားသူ၊ လေယာဉ်ပျံစနစ်တွင်ထားသူ၊ Wi-Fi သီးသန့်သုံးစွဲသူ၊ 2G/3G ချိတ်ဆက်ထားသူများအနေဖြင့် သတိပေးချက် လက်ခံရရှိမည်မဟုတ်ကြောင်း‌ ဖော်ပြသည်။

ပြီးခဲ့သော မတ်လ ၂၈ ရက်နေ့က ဘန်ကောက်တွင် ငလျင်လှုပ်ခတ်စဉ် ဖုန်းများကတစ်ဆင့် သတိပေးချက်များ မပေးပို့ကြသည့်အပေါ် ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ဖုန်းအော်ပရေတာများကို ခေါ်ယူဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ ပထမဆုံးအကြိမ် သတိပေးချက်များ လုပ်ဆောင်ခြင်းဖြစ်သည်။