ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သိန္ဓောရွာတွင် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး ပုဆိန်ဖြင့် ခုတ်သတ်ခံရ၍ သေဆုံး

March 30, 2026

ပုံစာ - တနင်္သာရီမြို့နယ် သိန္ဓောရွာရှိ ခဲလုပ်ကွက်တစ်ခုကို တွေ့ရစဉ်။(ပုံဟောင်း) ဓာတ်ပုံ - Dawei Watch

တနင်္သာရီမြို့နယ်၊ သိန္ဓောရွာတွင် အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ပုဆိန်ဖြင့် ခုတ်သတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သိန္ဓောရွာ ခဲမိုင်းတွင် ဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦး ပုဆိန်ဖြင့် ခုတ်ထားသော ဒဏ်ရာဖြင့် ဆိုင်အတွင်း သေဆုံးနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

သေဆုံးနေသည့် အမျိုးသမီးသည် အသက် ၂၀ ဝန်းကျင်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ရွာတွင် နေထိုင်သူဖြစ်ကြောင်း ၎င်းက ပြောသည်။

“မိုင်းမှာ လူသတ်မှုဖြစ်တယ်။ ကျောင်းပိတ်လို့ ဈေးသွားရောင်းနေတာ။ ကပ်ပ (ပုဆိန်တို) နဲ့ ခုတ်ခံထားရတယ်။ ဆိုင်မှာ ကြေးပြား (ပိုက်ဆံ) လာခိုးလို့ အော်လိုက်လို့ သတ်ခံရတာလို့လည်း ပြောနေကြတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်ပြီး တရားခံဟု ယူဆရသူတစ်ဦးကို ဖမ်းမိထားကာ အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးနေဆဲဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ယာယီတာဝန်ခံက ဆိုသည်။

“တရားခံကို စုံစမ်းနေဆဲပါ။ အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးနေတယ်” ဟု အထက်ပါ ယာယီတာဝန်ခံက ပြောသည်။

သိန္ဓောရွာတွင် ခဲလုပ်ကိုင်နေသည့် ခဲလုပ်ကွက်တစ်ခုရှိပြီး ခဲလုပ်ကွက်နှင့် ရွာသည် ဆိုင်ကယ်ဖြင့် ၅ မိနစ်ခန့် မောင်းနှင်ရကြောင်း ဒေသခံများက ဆိုသည်။