မြိတ်မြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းအရှေ့ ဘုရားငါးဆူကွင်းပတ်လည်ရှိ ဆိုင်ခန်းတွဲများကို မတ်လကုန် တွင် အပြီးဖယ်ရှားရန် မြို့ စည်ပင်သာယာရေးအဖွဲ့က စာပို့ထားကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့နှင့် မြို့ခံများထံမှ သိရသည်။
မြိတ်မြို့ နယ် စည်ပင်သာယာရေးအဖွဲ့ ပိုင် အဆိုပါဆိုင်ခန်းတွဲများကို ဗုဒ္ဓဘာသာအသင်းမြေအဖြစ် လွှဲပြောင်းသွားမည် ဖြစ်ကြောင်းဖော်ပြထားပြီး မတ်လ ၃၁ ရက် နောက်ဆုံးထားဖယ်ရှားကြရန် သတိပေးစာ ပေးပို့လာကြောင်း ဆိုင်ခန်းပိုင်ရှင် အချို့က ဆိုသည်။
အဆိုပါနေရာတွင် ဆိုင်ခန်းပေါင်း ၈၀ ဝန်းကျင်ရှိပြီး ဆိုင်ခန်းတစ်ခန်း၏ အကျယ်မှာ ပေ ၂၀၊ ၁၀ ပေ ရှိကြောင်း ၎င်းတို့ ထံမှ သိရသည်။
ဆိုင်ခန်းတွင် ဈေးရောင်းနေသူဖယ်ရှာပေးရန် ဖေဖော်ဝါရီလ ၂၀ ရက်ကစပြီး စာပေးပို့ခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့ထံမှ သိရသည်။
အဆိုပါဆိုင်ခန်းများကို စည်ပင်သာယာရေးအဖွဲ့နှင့် ၁ နှစ်အငှားစာချုပ် ချုပ်ဆိုထားသူများရှိသလို ၂နှစ်နှင့် ၃နှစ်စာချုပ် ချုပ်ဆိုထားသူလည်းရှိကြောင်း အဆိုပါဆိုင်ခန်းတွင် ဈေးဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
တစ်လတာ ဆိုင်ခန်းငှားရမ်းခနှင့် ပတ်သက်၍ မေးမြန်းရာတွင် တိတိပပ ဖြေဆိုခဲ့ခြင်းမရှိပေ။
“စာချုပ်သက်တမ်းလည်း လိုသေးတယ်။ ငွေလည်းပြန်မအမ်းဘူး။ နေရာလည်း ပြန်မပေးဘူး။ အရင်က ဒီနေရာက စည်ပင်ပိုင်တာ။ အခုမှ ဘုရားလူကြီးတွေကို လွှဲပြောင်းပေးမယ်ဆိုပြီး စာထုတ်တာ။ ဒီဆိုင်ခန်းမှာ ဈေးရောင်းပြီး ဝမ်းစာရှာဖွေနေရတဲ့ ကျွန်မတို့ဘဝတွေ သွားပြီပေါ့ရှင်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဆိုင်ခန်းနေရာမှ ပြောင်းရွှေ့သွားသူများရှိသလို အချို့ကလည်း ဆက်ရှိနေသေးကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။
မြိတ်မြို့၏အထင်ကရ နေရာတစ်ခုဖြစ်သည့် အမှတ် ၁ ကျောင်းလမ်းတွင် အစားအသောက်မျိုးစုံရောင်းချနေသည့် စည်ကားသည့် နေရာတစ်ခုဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။
“အဲဒီအမှတ် ၁ ကျောင်းလမ်းက မြို့ရဲ့ အဓိက အစားအသောက် နိဗ္ဗာန်ဘုံလို့တောင် ပြောလို့ရတယ်။ စားစရာတွေ စုံတယ်။ မြို့ရဲ့ အထင်ကရ နေရာတစ်ခုထဲ ပါတယ်။ ပြောင်းရမယ့်သတင်းကြားတော့ ကိုယ်လည်းစိတ်မကောင်းဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါဆိုင်ခန်းနေရာကို မပြောင်းရွှေ့လိုကြောင်း ဈေးသည်များက ဘုရားဂေါပကများထံ အသနားခံစာ တင်ပြကြ သော်လည်း အကြောင်းပြန်စာ တစ်စုံတစ်ရာမရခဲ့ကြောင်း စျေးသည်များထံမှ သိရသည်။
အမှတ် (၁) ကျောင်းရှေ့ရှိ အဆိုပါဆိုင်ခန်းတွဲများ ဆောက်လုပ်ထားသည်မှာ နှစ်ပေါင်း ၃၀ ခန့်ရှိပြီဖြစ်ကြောင်း မြို့ခံများ ထံမှ သိရသည်။
ယမန်နှစ် နိုဝင်ဘာလကလည်း မြိတ်မြို့ရှိ မြို့မဘောလုံးကွင်းအရှေ့ ဆိုင်ခန်းတွဲများကို အဓမ္မဖယ်ရှားခိုင်းခဲ့သေးသည်။







