ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ ရမ်းဖိုရွာရှိ စစ်အာဏာရှင်တပ်ဂိတ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

March 30, 2026

ပုံစာ - တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - Dawei Watch

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာရှိ စစ်အာဏာရှင်တပ် စစ်ဆေး‌ရေးဂိတ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၊ တော်လှန်‌ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

ရမ်းဖိုရွာ ပြည်ထောင်စုလမ်းမကြီးတွင် ဂိတ်ချ၍ စစ်ဆေးနေသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက မတ်လ ၂၉ရက် နံနက် ၁၀နာရီခွဲတွင် သွားရောက်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရမ်းဖိုရွာတွင် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ် နှစ်ခုရှိပြီး ယခုတိုက်ခိုက်မှုသည် ရွာထဲတွင် ဂိတ်ချစစ်ဆေးနေသည့် ဂိတ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မိနစ်အနည်းငယ် တိုက်ပွဲဖြစ်တယ်။ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး (စစ်အာဏာရှင်တပ်) ဘက်က ထိခိုက်မှု ရှိတယ်” ဟု အထက်ပါနီးစပ်သူက ပြောဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်အာဏာရှင်တပ်က ထိခိုက်မှုရှိသည် ဆိုသည်နှင့်ပတ်သက်၍ သေသေချာချ မသိရသေးပေ။

ယင်းသို့ တိုက်ခိုက်ပြီးနောက် မတ်လ ၃၀ရက်တွင် စစ်အာဏာရှင်တပ်သားများသည် ရမ်းဖိုရွာဥယျာဥ်ခြံများ၏ ဝင်ပေါက်နှင့် ထွက်ပေါက်လမ်းများကို ပိတ်ထားသဖြင့် ခြံလုပ်သားများနှင့် ခြံပိုင်ရှင်များ ဝင်ထွက်၍ မရဖြစ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဥယျာဥ်ခြံထဲမှာ နေထိုင်သူတွေဟာ အဝင်ထွက် လုပ်မရဖြစ်နေတယ်။ လမ်းမပေါ်မှာလည်း အစောကြီးကတည်းက လမ်းကင်းတွေ ထွက်နေကြတယ်”ဟု ၎င်းက ပြောသည်။

ရမ်းဖိုရွာရှိ ဂိတ်နှစ်ခုအနက် ဆီအုန်းကုန်းတွင် စစ်ဆေးနေသည့် ဂိတ်ကို မတ်လ ၂၅ရက်တွင် တော်လှန်‌ရေး တပ်များက သွားရောက်တိုက်ခိုက်ပြီးနောက် ဂိတ်ချစစ်ဆေးမှု မရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၂၉ ရက်တွင် တော်လှန်ရေးတပ်များ တိုက်ခိုက်ခဲ့သည့် ရွာထဲရှိ ဂိတ်ကိုမူ ဆက်လက်ဖွင့်ထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။