ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာအမျိုးသမီးများကို လိင်ကုန်ကူးသည့် မြန်မာနှစ်ဦး ကန်ချနဘူရီတွင် ဖမ်းမိ

March 30, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် လိင်ကုန်ကူးနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာမိန်းကလေးငယ်များကို နယ်စပ်ဖြတ်ကျော်ခေါ်လာပြီး စန်ခရာဘူရီ နွန်းလူရွာတွင် လိင်အလုပ်သမအဖြစ် စေခိုင်းနေသည်ကို ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့က အသွင်ယူ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။

မြန်မာမိန်းကလေးကို ချိတ်ဆက်၍ ဝန်ဆောင်မှုရယူလိုပါက Line အကောင့်မှတစ်ဆင့် ဆက်သွယ်ရခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များက အရပ်သားအသွင်ယူ၍ တစ်ဦးလျှင် ဘတ် ၈၀၀ နှုန်းဖြင့် အမျိုးသမီးနှစ်ဦးကို ခေါ်ယူရန် Line မှတစ်ဆင့် ချိတ်ဆက်ခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ ည ၈ နာရီခွဲတွင် တည်းခိုခန်းတစ်ခု၌ တွေဆုံကြရန် ချိန်းဆိုခဲ့ကြကြောင်း သတင်းတွင်ပါရှိသည်။

သတ်မှတ်ထားသောအချိန်တွင် အသက် ၂၃ နှစ်အရွယ် ကိုရဲအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးက ဘေးတွဲဆိုင်ကယ်ကို မောင်းနှင်ကာ မိန်းကလေးငယ်နှစ်ဦးကို ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

မိန်းကလေးနှစ်ဦးအနက် တစ်ဦးမှာ အသက် ၁၅ နှစ်အရွယ်သာ ရှိနေသေးပြီး ကျန်တစ်ဦးမှာ အသက် ၁၉ နှစ် အရွယ်ဖြစ်ကြောင်း သတင်းအရသိရသည်။

ရဲတပ်ဖွဲ့ကလည်း ဝန်ဆောင်ခကို ပေးပြီးနောက် အချက်ပြလိုက်သဖြင့် ကျန်ရဲတပ်ဖွဲ့ဝင်များက လိင်လုပ်ငန်း လုပ်သူအားလုံးကို ဝင်ရောက်ဖမ်းဆီးခဲ့သည်။

နောက်ထပ် အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကလည်း ဝန်ဆောင်ခကောက်ခံရန် ထပ်မံဝင်လာသဖြင့် ထပ်မံဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ချိတ်ဆက်ပေးခအနေဖြင့် မိန်းကလေးငယ်တစ်ဦးစီထံမှ ဘတ် ၅၀၀ စီ ကောက်ခံသည်ဟု မြန်မာနိုင်ငံသားက ဝန်ခံထားသည်။

အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးသည် အသက်မပြည့်သေးသဖြင့် လူကုန်ကူးခံရသူအနေဖြင့် ကာကွယ်ပေး၍ သီးခြားဆောင်ရွက်မည်ဖြစ်ကြောင်း၊ အသက် ၁၉ နှစ်အရွယ် မိန်းကလေးကိုမူ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားနှစ်ဦးကို လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှု၊ အသက်မပြည့်သေးသူကို ဖြားယောင်းသွေးဆောင်မှုအပါအဝင် အမှုခြောက်မှုဖြင့် အရေးယူထားဟုဆိုသည်။

Ref: The Thaiger, Matichon Online