ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ခေါင်းဆောင်အပါ လေးဦးကို ဒုသမ္မတလောင်းအဖြစ် လွှတ်တော်နှစ်ရပ်တွင် အမည်စာရင်းတင်သွင်း

March 30, 2026

စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၌ ယနေ့ မတ်လ ၃၀ရက်တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် လေးဦးကို ဒုတိယသမ္မတအဖြစ် အမည်စာရင်း တင်းသွင်းလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေတို့ကို ပြည်သူ့လွှတ်တော်အစုအဖွဲ့က အမည်စာရင်း တင်သွင်းသည်။

ဒေါက်တာကျော်ဆွေသည် စစ်အုပ်စုနှင့်နီးစပ်သည့် တစည ပါတီကို ကိုယ်စားပြုပြီး မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်သည်။

စစ်ခေါင်းဆောင်ကို စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်သည့် ကြံ့ခိုင်ရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက သမ္မတလောင်းအဖြစ် အဆိုတင်သွင်းခြင်းဖြစ်သည်။

ဒေါက်တာကျော်ကျော်ဌေးသည် ထားဝယ်မြို့နယ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်သည်။

အမျိုးသားလွှတ်တော်တွင်မူ စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်သည့် ကြံ့ခိုင်ရေးပါတီက ဘားအံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမနာမ်တူးဂျာတို့ကို ဒုတိယသမ္မတလောင်းများ အမည်စာရင်း တင်သွင်းထားသည်။

ဒေါ်နန်းနီနီအေးသည် ကရင်ပြည်နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်ပြီး ဒေါက်တာမနာမ်တူးဂျာသည်လည်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၏ ဥက္ကဋ္ဌဖြစ်သည်။

ဒေါက်တာမနာမ်တူးဂျာသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ၂ဝဝ၉ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။

မနက်ဖြန် မတ်လ ၃၁ ရက်တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် လျှို့ဝှက်ဆန္ဒမဲပေးပြီး ဒုသမ္မတကို ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။

စစ်အာဏာရှင်တပ်က တင်သွင်းမည့် ဒုသမ္မတလောင်း အမည်စာရင်းကိုမူ မသိရသေးပေ။

စစ်အုပ်စုက အသွင်ပြောင်းဖွဲ့စည်းမည့် အတုအယောင်အစိုးရကို လက်မခံကြောင်း ပြည်တွင်း ပြည်ပရှိ တော်လှန်ရေးအင်အားစုများကလည်း ကန့်ကွက်၊ ဆန္ဒပြမှုများ ရှိနေသည်။