ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တရုတ်က တိုက်လေယာဥ်ဟောင်းများကို အသေခံဒရုန်းအဖြစ်ပြောင်း၍ ထိုင်ဝမ်အနီး အသင့်ချထား

March 30, 2026

ဂြိုဟ်တုဓာတ်ပုံများအရ တရုတ်စစ်တပ်သည် တိုက်လေယာဥ်များမှ အသွင်ပြောင်းထားသည့် တိုက်ခိုက်ရေးဒရုန်းများကို ထိုင်ဝမ်အနီးတွင် ဖြန့်ကျက်ထားကြောင်း The Telegraph သတင်းတွင် ဖော်ပြသည်။

တရုတ်စစ်တပ်က J-6W ဒရုန်းအစီးရေ ၂၀၀ ထက်မနည်းကို ထိုင်ဝမ်ရေလက်ကြားတစ်လျှောက်ရှိ စစ်အခြေစိုက်စခန်းများတွင် ချထားကြောင်း သိရသည်။

ယင်းစစ်အခြေစိုက်စခန်းများမှတဆင့် ထိုင်ဝမ်သို့ မိနစ်ပိုင်းအတွင်း ရောက်ရှိနိုင်ပြီး ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ထိုးဖောက်နိုင်ခြေ ရှိသည်။

၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားရန် တရုတ်စစ်တပ်ကို သမ္မတရှီကျင့်ဖျင်က အမိန့်ပေးထားသည်။

ယင်းကြောင့် အဆိုပါ ဒရုန်းများကိုအသုံးပြု၍ ထိုင်ဝမ်ကို လပိုင်းအတွင်း တိုက်ခိုက်ရန် အလားအလာ မြင့်တက်လာကြောင်း The Telegraph သတင်းတွင် ဖော်ပြသည်။

၁၉၅၀ ပြည့်နှစ်လွန်ကာလက ဆိုဗီယက်အကူအညီဖြင့် ထုတ်လုပ်ခဲ့သည့် J-6 ‘Farmer’ တိုက်လေယာဉ်များကို ဒရုန်းအဖြစ်ပြောင်းထားကာ ထိုင်ဝမ်ကျွန်းနှင့် အလှမ်းမဝေးသည့် တရုတ်စစ်စခန်း ၆ ခုတွင်ချထားသည်ကို တွေ့ရှိရကြောင်း Mitchell Institute က ဆိုသည်။

J-6 တိုက်လေယာဉ်မှာ တိုက်လေယာဉ်တစ်စင်းအနေဖြင့် ခေတ်မမှီတော့သော်လည်း တရုတ်လေသူရဲများ၏ အသက်အန္တရာယ်ကို မထိခိုက်စေသော အသေခံဒရုန်းအဖြစ် ပြောင်းလဲဖန်တီးထားခြင်း ဖြစ်သည်။

အဆိုပါ ဒရုန်းများသည် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ သင်္ဘောဖျက်ဒုံးကျည်များနှင့် ပြေးလမ်းဖျက်ဗုံးများကို သယ်ဆောင်နိုင်သည်ဟု သုတေသီများက ဆိုသည်။ အသံထက် ၁.၄၅ ဆ မြန်သောကြောင့် အဆိုပါ ဒရုန်းများသည် ခရုစ်ဒုံးကျည်များကဲ့သို့ ထိရောက်စွာ စွမ်းဆောင်နိုင်မည်ဟု အမေရိကန်ရေတပ် ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက ပြောသည်။

တရုတ်၏ ထိုင်ဝမ်ကျူးကျော်စစ် ပထမဆုံးနာရီပိုင်းအတွင်း အဆိုပါ ဒရုန်းများကို အသုံးပြုလာနိုင်ကြောင်း ၎င်းက ဆိုသည်။

Source: The Telegraph