စစ်အာဏာရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို ယနေ့ မတ်လ ၃၀ ရက် နံနက်ပိုင်းတွင် ပြောင်းလဲခန့်အပ်လိုက်ပြီဖြစ်ကြောင်း စစ်တပ်ပိုင်မြဝတီသတင်းဌာနက ဖော်ပြသည်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူယုံအဖြစ် လူသိများပြီး စစ်အာဏာရှင်တပ်တွင် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) စသည့် အကြီးပိုင်းနေရာများ ရခဲ့သူဖြစ်သည် ။
အာဏာသိမ်းဖြစ်စဥ်တစ်လျှောက်တွင်လည်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် စစ်ကောင်စီတွဲဘက်အတွင်းရေးမှူး ၊ စစ်ကော်မရှင်အတွင်းရေးမှူး ၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံး တွဲဖက်အမှုဆောင်ချုပ်စသည့် စစ်အုပ်စု၏ အရေးပါသည့်နေရာများရခဲ့သည်။
အသက်ခြောက်ဆယ်အရွယ်ရှိ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် OTS (Officer Training School) ဟု လူသိများသည့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ဗထူး အပတ်စဥ် ၇၇ ဆင်းဖြစ်ပြီး စစ်ခေါင်းဆောင်က ဇေယျကျော်ထင်နှင့် သရေစည်သူ ဘွဲ့များပေးအပ်ခံထားရသူဖြစ်သည်။
မြန်မာစစ်အာဏာရှင်တပ်တွင် တပ်ချုပ်နေရာကို ကာကွယ်ရေးဘက်မှ လာသူများကိုသာ ခန့်အပ်လေ့ရှိပြီး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးမှာမူ ထောက်လှမ်းရေးဘက်မှ ပထမဆုံး စစ်တပ်အကြီးအကဲ ဖြစ်လာသူဖြစ်သည်။
ယင်းအပြင် နောက်ထပ် စစ်အာဏာရှင်တပ်အကြီးအကဲနေရာဖြစ်သည့် ဒုတပ်ချုပ်ရာထူးကို လက်ရှိ စစ်တပ် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် နေရာယူထားသည့် စစ်တက္ကသိုလ် အပတ်စဥ် ၃၅ ဆင်း ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ခန့်အပ်လိုက်ကြောင်း ဖော်ပြနေကြသည်။
လစ်လပ်သွားသည့် ကြည်း၊ရေ၊လေ ညှိကွပ်နေရာကိုမူ စစ်တက္ကသိုလ် အပတ်စဥ် ၃၈ ဆင်း ဗိုလ်ချုပ်ကြီး ကိုကိုဦး ကို ခန့်အပ်ထားသည်ဟု စစ်လော်ဘီများကဆိုကြသည်။
လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာမူ စစ်အုပ်စု၏ ပြည်သူ့လွှတ်တော်က တင်သွင်းသည့် ဒုသမ္မတလောင်းစာရင်းတွင် အမည်စာရင်းတင်သွင်းထားသည်။







