ဘုတ်ပြင်းမြို့နယ် လေညာ-ရတနာပုံလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်ကြီးမဏ္ဍိုင်မြို့ခံသုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းတွင် မတ်လပထမအပတ်ကစပြီး တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။
မတ် ၂၉ ရက် နံနက် ၇ နာရီဝန်းကျင်တွင် လေညာရွာအခြေစိုက် စစ်အာဏာရှင်တပ်ရင်းမှပစ်ခတ်သည့် လက်နက်ကြီးတစ်လုံးက ပြည်ကြီးမဏ္ဍိုင်မြို့ရှိ နေအိမ်တစ်ဆာင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ လေညာကျေးရွာနှင့် ပြည်ကြီးမဏ္ဍိုင်မြို့မှာ ၂ မိုင်ခန့်ကွာဝေးသည်။
“လက်နက်ကြီးကတော့ နေ့တိုင်းနီးပါးပစ်နေတာပဲ။ ဒီတစ်ကြိမ်ကတော့ ဘယ်လိုရမ်းသမ်းပြီး ပစ်လိုက်လဲမသိဘူး။ ကလေးလည်းထိတယ်။ သူ့အမေလည်း ထိတယ်။တခြား လူတစ်ယောက်လည်းထိသွားတယ်”ဟု လေညာရွာနေ ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၄၀ ဝန်းကျင်အရွယ်မိခင်တို့ လက်၊ဦးခေါင်းနှင့် လည်းပင်းတွင် ဒဏ်ရာရသွားပြီး အသက်၄၀ အရွယ်အမျိုးသားတစ်ဦးလည်း ဦးခေါင်းတွင်ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆိုသည်။
ဒဏ်ရာရသွားသည့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်ကို ဘုတ်ပြင်းဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဘုတ်ပြင်းမြို့နယ် ရတနာပုံရွာ (သတ္တုမိုင်း) ဘက်သို့ မတ်လ ၅ ရက်မှစတင်ကာ စစ်ကြောင်းထိုးဝင်လာသဖြင့် အဆိုပါလမ်းပိုင်းတွင် တော်လှန်ရေးတပ်များနှင့် နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
“သူတို့စစ်ကြောင်းက နောက်မဆုတ်ဘူး။ ဘန်ကာတွေဆောက်တယ်။ ခံစစ်ပြင်တယ်။ ကျွန်တော်တို့ကလည်း သူတို့ ရှေ့တိုးလို့မရအောင် ပိတ်တယ်။နေ့တိုင်းနီးပါးတော့ဖြစ်နေတာပဲ”ဟု ဘုတ်ပြင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ဒုတိယတာဝန်ခံက ပြောသည်။
တော်လှန်ရေးတပ်များကလည်း အဆိုပါဘန်ကာများကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သဖြင့် စစ်အာဏာရှင်တပ်ဘက်က ထိခိုက်၊ သေဆုံးမှုရှိပြီး အရေအတွက်အတိအကျ မသိရကြောင်း ၎င်းက ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ရတနာပုံရွာ (သတ္တုမိုင်း) ကို ၂၀၂၂ ခုနှစ်တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားသည်။







