မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ငလျင်ကြောင့် သေဆုံးသူ ၆၀ ခန့်ကို ပြန်လည်ရှာဖွေတွေ့ရှိထားကြောင်း မြို့ခံများနှင့် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။
ပြိုကျနေသည့် အဆောက်အအုံများတွင် ဆက်လက်ရှာဖွေနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ရန် ပစ္စည်းအင်အားနှင့် လူအင်အား လိုအပ်လျက်ရှိကြောင်း ၎င်းတို့က ပြောသည်။
ကျောက်ဆည်မြို့ရှိ Bright Kids နှင့် လမ်းပြကြယ် မူကြိုကျောင်းနှစ်ခုတွင် ငလျင်ကြောင့် အဆောက်အအုံ ပြိုကျ၍ သေဆုံးသည့် ဆရာမနှင့် ကလေး သုံးဆယ်ကျော်ရှိကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ဆိုသည်။
“သေတာ အတော်များပါတယ်။ အသက်ရှင်လျက်ပြန်တွေ့တာ တစ်ဆယ်လောက်ပါပဲ။ ကျွန်တော်တို့တစ်ရပ်ကွက်တည်းမှာ သေတဲ့ကလေး လေးယောက်ရှိတယ် ။ သေတဲ့ အရေအတွက်က အတိအကျပြောမရသေးဘူး ။ သုံးဆယ်အထက်လို့ပဲ ပြောရသေးတယ်။ လမ်းပြကြယ် မူကြိုမှာကတော့ နှစ်ယောက်အတည်ပြုလို့ရတယ်” ဟု ၎င်းကပြောသည် ။
ယင်းအပြင် ကျောက်ဆည်မြို့အတွင်းရှိ အထည်ဆိုင်တစ်ဆိုင်လည်း ငလျင်ကြောင့်ပြိုကျပျက်စီး၍ ပိမိကာ ခုနစ်ဦး သေဆုံးခဲ့သည်ကို မတ်လ ၂၉ ရက်က ရှာဖွေအတည်ပြုနိုင်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ကျောက်ဆည်မြို့နယ်၊ ဆူလေးကုန်းရွာ ဗလီတွင် ဝတ်ပြုနေသည့် အစ္စလာမ်ဘာသာဝင် ၂၃ ဦးလည်း မတ်လ ၂၈ ရက်က ငလျင်ကြောင့် ဗလီပြိုကျစဥ် ပိမိသေဆုံးခဲ့ကြောင်း အစ္စလာမ်ဘာသာဝင်အသိုင်းအဝိုင်းက အတည်ပြုထားသည် ။
” လူအစုလုံအပြုံလိုက် ပိတ်မိနေတဲ့ကျောင်းတွေ ၊ ဘာသာရေးအဆောက်အအုံတွေ ဦးစားပေးရှာဖွေပေးနေကြတယ် ။ အင်အားကတော့ မလောက်ဘူး ။ အကူအညီလိုနေသေးတယ် ” ဟု ကျောက်ဆည်မြို့ခံတစ်ဦးကပြောသည် ။
ကျောက်ဆည်ဆေးရုံကြီးတွင် ငလျင်ကြောင့် ဒဏ်ရာရထားသည့်လူနာများ ပြည့်နေပြီး ယနေ့မတ်လ ၃၀ ရက်တွင် ရှာဖွေကယ်ဆယ်ရေးပြုလုပ်၍ ရှာဖွေတွေ့ရှိသည့် ဒဏ်ရာရသူများနှင့် သေဆုံးဦးရေလည်း တိုးလာနိုင်သေးကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံကသိရသည် ။