ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချွန်ဘူရီတွင် လုပ်ငန်းခွင်ထဲ လက်ပြတ်သွားသော မြန်မာတစ်ဦး တစ်နှစ်နီးပါးကြာအထိ နစ်နာကြေးမရ

January 30, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်ရှိ စက္ကူအဟောင်းစက်ရုံတွင် လုပ်ငန်းခွင် မတော်တဆမှုကြောင့် လက်ပြတ်သွားသော မြန်မာအလုပ်သမားတစ်ဦး တစ်နှစ်နီးပါးကြာသည်အထိ နစ်နာကြေးမရသေးကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သော ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကိုကျော်နိုင်ထူးသည် စီလာချာဒေသရှိ စက်ရုံတွင် အလုပ်လုပ်နေရင်း လက်အိပ်ကို သံကြိုးနှင့် ငြိပါသွားသဖြင့် စက်ထဲ ညာဘက်လက်တစ်ချောင်းလုံး ဝင်သွားခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

မတော်တဆမှုဖြစ်ပြီးနောက် ချွန်ဘူရီဆေးရုံတွင် ဆယ်ရက်ကြာ ဆေးကုသမှုခံယူခဲ့ပြီး ညာဘက်လက်တွင် လက်ကောက်ဝတ်အထက်ပိုင်းအထိ ဖြတ်လိုက်ရသည်။

ကိုကျော်နိုင်ထူး၏ ဆေးကုသမှုစရိတ်များကို အလုပ်ရှင်ဘက်က တာဝန်ယူရှင်းပေးခဲ့ကြောင်း သိရသည်။

ကိုကျော်နိုင်ထူး အလုပ်မဆင်းရသောရက်များအတွက် စက်ရုံဘက်က ထောက်ပံ့ငွေပေးမည်ဟု ဆိုခဲ့ပြီး နစ်နာကြေးကိစ္စကိုလည်း တာဝန်ယူဆောင်ရွက်ပေးမည်ဟုဆိုကြောင်း အဖွဲ့ထံမှ သိရသည်။

သို့သော်လည်း မတော်တဆဖြစ်ပြီးနောက်တွင် ကိုကျော်နိုင်ထူးကို အလုပ်မှထုတ်လိုက်သလို ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ထောက်ပံ့ငွေနှင့် နစ်နာကြေးများအတွက်လည်း စက်ရုံဘက်က တာဝန်ယူ ဆောင်ရွက်ပေးခဲ့ခြင်းမရှိကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။

“လက်ရှိကတော့ နစ်နာကြေးလည်း မရသလို အလုပ်ကလည်း အထုတ်ခံလိုက်ရတယ်။ စာရွက်စာတမ်းတွေလည်း မကိုက်ညီလို့ အမှု ပြန်ဖွင့်ပြီး တော်တော်လိုက်ရဦးမယ်” ဟု WAG အဖွဲ့က ကိုမုန်တိုင်းက ဆိုသည်။

လက်ရှိတွင် ကိုကျော်နိုင်ထူးကို အလုပ်မှ ထုတ်လိုက်သည့်အတွက် အလုပ်လက်မဲ့ဖြစ်နေပြီး ဆွေမျိုးများထံတွင် နေထိုင်နေရကြောင်း ၎င်းက ပြောသည်။

နစ်နာကြေးရရှိရန်အတွက် စာရွက်စာတမ်းများကို စုဆောင်း၍ သက်ဆိုင်ရာ ရဲစခန်းနှင့် အလုပ်သမားရုံးများတွင် အမှုဖွင့်တိုင်ကြားရမည်ဖြစ်ပြီး အချိန် ခြောက်လခန့် ကြာမြင့်နိုင်ကြောင်း အဖွဲ့က ပြောသည်။

ကိုကျော်နိုင်ထူးသည် ပန်းရောင်ကတ်ကိုင်ဆောင်ထားသော အလုပ်သမားတစ်ဦးဖြစ်ပြီး အလုပ်ဝင်ပြီး တစ်လအကြာတွင် မတော်တဆမှုဖြစ်ခဲ့ကာ မတော်တဆဖြစ်သည့်အချိန် အလုပ်ရှင်မပြောင်းထားရသေးကြောင်း သိရသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ပြောင်းရွှေ့လုပ်ကိုင်ပါက စာရွက်စာတမ်းများကို အလုပ်ရှင်ပြောင်းထားရန်လိုအပ်ပြီး မတော်တဆမှုဖြစ်ပါက နစ်နာကြေးရရှိရန် နီးစပ်ရာ ရဲစခန်းဖြစ်စေ အလုပ်သမားကူညီရေးအဖွဲ့များထံဖြစ်စေ အကူအညီတောင်းခံသင့်ကြောင်း WAG အဖွဲ့က အကြံပြုသည်။