ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အုပ်စု၏ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုဟု ဖိလစ်ပိုင်ဆို

January 30, 2026

ဓာတ်ပုံ - AP

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုက ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၂၉ ရက်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးအပြီးတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် အဓိကထား ဆွေးနွေးစရာ အကြောင်းအရာများတွင် မြန်မာ့အရေးလည်း ပါဝင်သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်ပြုမပြု သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းရာ၌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက “ဟုတ်ပါတယ်၊ အခုအချိန်မှာတော့ အသိအမှတ်မပြုပါဘူး” ဟု ဖြေကြားခဲ့သည်။

မြန်မာစစ်အုပ်စုက ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အဆင့်သုံးဆင့်လုံးကို အာဆီယံက အတည်ပြုထောက်ခံထားခြင်း မရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အာဆီယံ၏ ရပ်တည်ချက်သည် မည်သည့်အခြေအနေတွင် ပြောင်းလဲသွားနိုင်သနည်းဆိုသည်နှင့် ပတ်သက်၍မူ သူမက အသေးစိတ် ရှင်းလင်းပြောကြားခြင်း မရှိပေ။

စစ်တပ်ကျောထောက်နောက်ခံပြု ပါတီက အနိုင်ရရှိခဲ့သည်ဟု ဆိုသော မြန်မာရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုခြင်းသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိရန် ကြိုးပမ်းနေသည့် မြန်မာစစ်ခေါင်းဆောင်များအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ကြောင်း AP သတင်းတွင် ဖော်ပြသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတည်းက မြန်မာစစ်အစိုးရကို အာဆီယံက အသိအမှတ်ပြုထားခြင်း မရှိပေ။

မြန်မာ့ရွေးကောက်ပွဲနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဘုံသဘောတူညီချက် တစ်စုံတစ်ရာ မရရှိသေးကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု ဖိလစ်ပိုင်ပြည်တွင်းအွန်လိုင်းသတင်းဌာနဖြစ်သည့် Rappler ကလည်း ဖော်ပြထားသည်။

စစ်အုပ်စုက အပိုင်းလိုက်ခွဲပြီး ကျင်းပခဲ့သော ရွေးကောက်ပွဲ သုံးပိုင်းစလုံး ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးမှာမူ အဆုံးမသတ်သေးကြောင်း သူမက ထောက်ပြပြောဆိုခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

Source: AP ၊ Rappler