ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဥရောပ ဘောလုံးကြယ်ပွင့် ဖြစ်လာတဲ့ ဒုက္ခသည်စခန်းမှ ကချင်တိုင်းရင်းသူလေး

January 30, 2026

ဒုက္ခသည်စခန်းက ဖုန်တထောင်းထောင်ကြားမှာ ဘောလုံးကစားနေတဲ့ ကချင်တိုင်းရင်းသူလေးဟာ အခုတော့ ဥရောပဘောလုံးစင်မြင့်ထက်မှာ ကြယ်ပွင့်တစ်ဦး ဖြစ်နေပါပြီ။

သူကတော့ ရိုမေးနီးယားရဲ့ နာမည်ကြီး ရက်ပစ်ဘူခါရက် (Rapid București) အသင်းမှာ တိုက်စစ်နဲ့ ကွင်းလယ် နှစ်နေရာလုံး ပိုင်ပိုင်နိုင်နိုင် ကစားပြနေသူ ဘောမ်လုံ ဂလောင်း (Bawm Lung Galau) ပါပဲ။

သူမရဲ့ ဘဝဖြတ်သန်းမှုက ကြမ်းတမ်းလွန်းပါတယ်။ အသက် ၂ နှစ်အရွယ်လောက်ကတည်းက စစ်ပွဲတွေကြားကနေ မလေးရှားကို တိမ်းရှောင်ခဲ့ရသလို၊ အဲဒီကနေတစ်ဆင့် ရိုမေးနီးယားနဲ့ ဒိန်းမတ်နိုင်ငံတွေဆီ ဒုက္ခသည်အဖြစ် အဆင့်ဆင့် ကူးပြောင်းရောက်ရှိသွားခဲ့ပါတယ်။ ဒုက္ခသည်စခန်းတွေဟာ ဘောမ်လုံ ဂလောင်းအတွက်တော့ ငယ်ဘဝရဲ့ ကစားကွင်းတွေပါပဲ။

ကျပ်တည်းလွန်းတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ရှင်သန်နေထိုင်ခဲ့ရပေမဲ့ ဘောမ်လုံ ဂလောင်းဟာ ဘောလုံးသမားဖြစ်ချင်တဲ့ သူမရဲ့ စိတ်ကူးကို မစွန့်လွှတ်ခဲ့ပါဘူး။ ဘောလုံးတစ်လုံးနဲ့အတူ ဖုန်တထောင်းထောင်ကြားမှာ နေ့စဉ်ကစားရင်း သူမရဲ့ အိပ်မက်တွေကို ရတဲ့နည်းနဲ့ အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒုက္ခသည်စခန်းမှာ ခြေစွမ်းပြကစားနေတဲ့ ဘောမ်လုံ ဂလောင်းကို ပထမဆုံး စင်တင်ပေးခဲ့တာက ဒိန်းမတ်ကလပ်တွေဖြစ်ကြတဲ့ Hvalsø IF နဲ့ AaB အသင်းတွေ ဖြစ်ပါတယ်။

ဘောမ်လုံ ဂလောင်းရဲ့ ကစားသမားဘဝ ဖြတ်သန်းမှုမှာ အမြင့်ဆုံး အခိုက်အတန့်ကတော့ FC Carmen အသင်းနဲ့အတူ ရိုမေးနီးယားဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အချိန်ပါပဲ။ အဲဒီအချိန်မှာ ဥရောပသားတွေက အောင်ပွဲခံစင်မြင့်ထက်မှာ မြန်မာအလံ လွှမ်းခြုံပြီး ဆုယူသွားခဲ့တဲ့ ဘောမ်လုံ ဂလောင်းကို “မြန်မာနိုင်ငံကလား” ဆိုပြီး အံ့အားသင့်သွားခဲ့ကြပါတယ်။ ဘယ်လောက်ပဲ ဝေးကွာတဲ့ အရပ်ဒေသဆီ ရောက်နေပါစေ၊ သူမရဲ့ သွေးက မြန်မာဆိုတာကို ဘောမ်လုံ ဂလောင်းက ကမ္ဘာကြီးဆီ ရဲရဲဝံ့ဝံ့ သက်သေပြလိုက်တာပါပဲ။

အခု ၂၀၂၆ ခုနှစ်မှာတော့ ဘောမ်လုံ ဂလောင်းဟာ အရင်တုန်းကလို ဒုက္ခသည်ကောင်မလေး မဟုတ်တော့ပါဘူး။ ရက်ပစ်ဘူခါရက် အမျိုးသမီးအသင်းရဲ့ မရှိမဖြစ် နှလုံးသား ဖြစ်လို့နေပါပြီ။ ၉ ပွဲကစား၊ ၈ ပွဲနိုင်ဆိုတဲ့ အသင်းရဲ့ စံချိန်တင် ရလဒ်တွေနောက်ကွယ်မှာ ဘောမ်လုံ ဂလောင်း ရှိလို့နေပါတယ်။ အခုဆိုရင် Liga 1 ကို တန်းတက်ဖို့အတွက် ရက်ပစ်ဘူခါရက် အမျိုးသမီးအသင်းက လက်တစ်ကမ်းအလိုကို ရောက်လို့နေပါပြီ။

ဘောမ်လုံ ဂလောင်းရဲ့ ဘဝဇာတ်လမ်းက “မင်းကို ဘယ်လိုအတားအဆီးတွေကပဲ ပိတ်ဆို့ထားပါစေ၊ မင်းရဲ့ ခြေထောက်တွေကသာ သန်မာနေရင် မင်းသွားချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားလို့ရတယ်” ဆိုတာကို ပြသနေသလို ရှိပါတယ်။

မိခင်နိုင်ငံနဲ့ ဝေးကွာခဲ့ရ၊ စစ်ပွဲတွေကြားကနေ အသက်ကို ဖက်နဲ့ထုပ်ပြီး ပြေးခဲ့ရ၊ ဒုက္ခသည်စခန်းမှာ ရှင်သန်ခဲ့ရပေမဲ့ ဘောမ်လုံ ဂလောင်းရဲ့ စိတ်ဓာတ်ခိုင်မာမှုတွေက သူမကို ဥရောပရဲ့ ကွင်းစိမ်းတွေပေါ် ရောက်အောင် ခေါ်ဆောင်သွားခဲ့ပါပြီ။ အခက်အခဲတွေကြားမှာ ရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေအားလုံးအတွက် သူမဟာ မီးပြတိုက်တစ်ခုလို့ တင်စားရမှာပါ။

ဘောမ်လုံ ဂလောင်းတစ်ယောက် Liga 1 ဆီကို အောင်မြင်စွာ တက်လှမ်းပြီး ဥရောပဘောလုံးရပ်ဝန်းကြီးထဲမှာ မြန်မာအလံကို ထပ်မံလွှင့်ထူနိုင်တဲ့ နေ့ရက်တွေ ရှိလာဦးမှာ မလွဲမသွေပါပဲ။