ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာမျက်လုံးထဲက မဟုတ်တမ်းတရားတို့ ကဇာတ်ရုံ

December 29, 2025

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာမီဒီယာတွေမှာ အတွင်ကျယ်ဆုံး ကိုးကားဖော်ပြခံရတဲ့ စကားတစ်ခွန်းကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်ရဲ့ စကားပါ။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူ ပြောခဲ့တာက ဒီလိုပါ။

“သေနတ်ပြောင်းထိပ်ဝက မဟုတ်တမ်းတရားတို့ ကဇာတ်ရုံ”

မြန်မာစစ်အုပ်စုက သူတို့ရဲ့ ရွေးကောက်ပွဲရဲ့ ပထမအဆင့်ကို ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်လိုက်ပါပြီ။ ဒါပေမဲ့ ဒီရွေးကောက်ပွဲဟာ တရားမဝင်ဘူး ၊ စစ်အာဏာရှင်စနစ်အုပ်ချုပ်မှုကို ခိုင်မာအောင် လုပ်ဆောင်တာသာ ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြပါတယ်။ ဒီရွေးကောက်ပွဲဟာ ‘အတုအယောင်သက်သက်’သာ ဖြစ်တယ်လို့ လှောင်ပြောင်ဝေဖန်ခံနေရပြီး အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို ရဖို့ မဖြစ်နိုင်ဘူးလို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

အလားတူပဲ AP သတင်းဌာနကလည်း ဒီရွေးကောက်ပွဲဟာ စစ်ကောင်စီအတွက် “တရားဝင်မှု ရှိလေဟန် ပြထားတဲ့ မာယာမျက်နှာစာ” တစ်ခုသာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ Al Jazeera သတင်းဌာနကလည်း ဒီရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတယ်လို့ ယုံကြည်စိတ်ချစရာ မရှိဘူးလို့ ကုလသမဂ္ဂ အထူးသံတမန်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုတဲ့အကြောင်း ထောက်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အဓိက အတိုက်အခံ အင်အားစုတွေကို ပိတ်ပင်တာ ဖျက်သိမ်းတာ လုပ်ထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလိုမျိုး စစ်ကောင်စီက ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေပဲ ယှဉ်ပြိုင်ခွင့် ရှိနေတယ်ဆိုတဲ့ အချက်ကို နိုင်ငံတကာမီဒီယာတော်တော်များများမှာ ဆလိုက်မီးထိုးပြထားတာ တွေ့ရပါတယ်။ အရင်ရွေးကောက်ပွဲမှာ အမတ်နေရာ ၉၀ ရာခိုင်နှုန်းလောက်အထိ အနိုင်ရထားတဲ့ ပါတီတွေဟာ အခု ၂၀၂၅ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရတော့ဘူးဆိုတာကို လွတ်လပ်သော ရွေးကောက်ပွဲများ အာရှကွန်ရက် (ANFREL) လို အဖွဲ့တွေကလည်း သတိပေးထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြားမှာ အခုရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်တမ်းဆွဲဆန့်ရုံသာ ဖြစ်လိမ့်မယ်လို့ လေ့လာသူအများစုက ယူဆနေကြသလို ပျက်သုဉ်းနေတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေအတွက်လည်း ကောင်းကျိုးတစ်ခုမှ ရှိလာမှာ မဟုတ်ဘူး ဆိုတာကိုလည်း အလေးပေး ဖော်ပြကြပါတယ်။

နိုင်ငံတကာမီဒီယာတွေက ဒီရွေးကောက်ပွဲကို စစ်မှန်တဲ့ ဒီမိုကရေစီနည်းကျ ယှဉ်ပြိုင်မှုဆိုတာထက် မြန်မာစစ်တပ်က အာဏာကို စနစ်တကျ ထိန်းချုပ်ဖို့ လုပ်ဆောင်ချက်တစ်ခုအနေနဲ့ မီးမောင်းထိုးဖော်ပြနေတာကို တွေ့ရပါတယ်။

စစ်ပွဲကြားက ရွေးကောက်ပွဲ

ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံထဲ ပြည်တွင်းစစ် မီးကုန်ယမ်းကုန် အရှိန်မြင့်နေချိန်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း အဓိကနိုင်ငံတကာသတင်းဌာနကြီးတွေက ဖော်ပြတာ တွေ့ရပါတယ်။ တိုက်ပွဲတွေနဲ့ မလုံခြုံမှုတွေကြောင့် နိုင်ငံအနှံ့ အပြားမှာ မဲပေးဖို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံအတွင်းက မြို့နယ်အနည်းငယ်လောက်မှာပဲ မဲပေးတာတွေ လုပ်နိုင်တယ်လို့ Al Jazeera သတင်းဌာနက ဆိုပါတယ်။

ရန်ကုန်နဲ့ တခြားမြို့တွေမှာရှိတဲ့ မြေပြင်သတင်းထောက်တွေရဲ့ အဆိုအရ မဲဆွယ်စည်းရုံးမှုတွေ လုံးဝမရှိသလောက်ဖြစ်နေပြီး ကိုယ်စားလှယ်လောင်းတွေက လမ်းပေါ်မထွက်ဘဲ ပိုစတာတွေပဲ ကပ်ထားကြသလို မဲပေးသူတွေကလည်း အိမ်ထဲမှာပဲ အောင်းနေကြတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။ အရပ်သားတွေက မဲပေးဖို့ ငြင်းဆန်နေကြတာကြောင့် မဲပေးသူဦးရေဟာ မှတ်ပုံတင်ထားသူရဲ့ သုံးပုံတစ်ပုံလောက်ပဲရှိပြီး အလွန်နည်းနေတယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

၂၀၂၀ နဲ့ ယှဉ်ရင် အခုရွေးကောက်ပွဲမှာ မဲလာပေးသူဟာ လက်ချိုးရေလို့ ရတဲ့အထိ နည်းပါးနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။ ရန်ကုန်က မဲရုံတစ်ခုမှာဆိုရင် အမည်စာရင်း တင်ထားသူတွေထဲက ၃၇ ရာခိုင်နှုန်းပဲ မဲလာပေးခဲ့ပါတယ်။ ဒါ့အပြင် အခုဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် မြို့နယ်ပေါင်း ၆၅ မြို့နယ် (အမတ်နေရာ စုစုပေါင်းရဲ့ ငါးပုံတစ်ပုံနီးပါး) မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတာကြောင့် လူသန်းပေါင်းများစွာရဲ့ မဲပေးခွင့်တွေ ဆုံးရှုံးသွားခဲ့ရတယ်လို့လည်း နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြကြပါတယ်။

တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲမလုပ်နိုင်တာကြောင့် ဒီရွေးကောက်ပွဲကိုကြည့်ရင် စစ်အုပ်စုအနေနဲ့ သူတို့ ဝိုင်းရံပိတ်ဆို့ခံထားရတဲ့ အခြေအနေမျိုးမှာ ကျင်းပနေရတာပဲလို့ သတင်းဌာနအချို့က ဖော်ပြကြပါတယ်။

ကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆွယ်သူတွေဟာ လက်နက်ကိုင် အစောင့်အရှောက်တွေနဲ့ မဲဆွယ်နေရတယ်ဆိုတာကိုလည်း ဖော်ပြကြပါတယ်။ အရင်ရွေးကောက်ပွဲတွေလို စည်ကားတက်ကြွမှု မရှိတဲ့အတွက် ရွေးကောက်ပွဲရဲ့ အနှစ်သာရရှိမှုက သံသယဖြစ်စရာကောင်းလွန်းတယ်လို့ နိုင်ငံတကာမီဒီယာတွေက မီးမောင်းထိုးပြနေပါတယ်။

ရွေးကောက်ပွဲဆက်နွှယ် ဖိနှိပ်မှုများ

နိုင်ငံတကာသတင်းတွေမှာ ထပ်တလဲလဲ ဖော်ပြနေတဲ့ တစ်ချက်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိနေတယ်ဆိုတာပါပဲ။ ရွေးကောက်ပွဲကို ဝေဖန်ရုံနဲ့ ထောင်ချခံရနိုင်တဲ့ ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေသစ်အကြောင်းကိုလည်း The Guardian အပါအဝင် နိုင်ငံတကာမီဒီယာတွေက ဖော်ပြကြပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေကြားမှာ ကျင်းပတဲ့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်တဲ့ ရလဒ်ထွက်လာမှာ မဟုတ်ဘူးဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ သတိပေးချက်ကို ဒီသတင်းတွေမှာ ကိုးကားဖော်ပြထားပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ဆန့်ကျင်ရေးသားတာ ၊ သပိတ်မှောက်စတစ်ကာ ကပ်တာလိုမျိုး သိမ်သိမ်မွေ့မွေ့ ဆန့်ကျင်သူတွေတောင်မှ အဖမ်းခံနေရတယ်ဆိုတဲ့အချက်ကိုလည်း နိုင်ငံတကာမီဒီယာတွေက ဖော်ပြနေပါတယ်။

စစ်တပ်ရဲ့ စောင့်ကြည့်မှုအောက်မှာ ပြည်သူတွေခမျာ မဲပေးဖို့ အကျပ်ကိုင်ခံနေရတဲ့အခြေအနေကို နိုင်ငံတကာမီဒီယာတွေက အလေးပေးဖော်ပြကြပါတယ်။

မဲရုံတွေမှာ လူငယ်မဲပေးသူတွေကို သိသိသာသာ မတွေ့ရဘဲ၊ အသက်ကြီးပိုင်းတွေနဲ့ မဲမပေးရင် ကြုံလာရမယ့် နောက်ဆက်တွဲ ပြဿနာတွေကို စိုးရိမ်သူတွေသာ အများစု ဖြစ်နေတယ်လို့ The Straits Times သတင်းဌာနက ဖော်ပြပါတယ်။ အထူးသဖြင့် မဲမပေးခဲ့ရင် ပြည်ပမှာ ပညာသင်ကြားခွင့် ဆုံးရှုံးမှာ ဒါမှမဟုတ် စစ်မှုထမ်းဖို့ ပစ်မှတ်ထား ခေါ်ဆောင်ခံရမှာကို ကြောက်ရွံ့တာကြောင့် မဖြစ်မနေ လာရောက်ကြသူတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ China Daily သတင်းဌာနကတော့ အခု ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းရဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေကို ကိုးကားပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေအဖို့ သာယာဝပြောတဲ့ အနာဂတ်ဆီ လျှောက်လှမ်းနိုင်ဖို့ တံတားတစ်စင်း ဖြစ်တယ်လို့လည်း ဆိုခဲ့ပါ သတင်းမှာ ထပ်လောင်းဖော်ပြထားပါတယ်။ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနလို မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံရေးသားတဲ့ မီဒီယာတွေမှာတော့ အီလက်ထရွန်နစ် မဲပေးစက်တွေကို ပထမဆုံးအကြိမ် အသုံးပြုတာနဲ့ အချိုးကျကိုယ်စားပြုစနစ်ကို စတင်ကျင့်သုံးတာတွေကို အသားပေးဖော်ပြခဲ့ကြပါတယ်။

ဒါတွေကို ခေတ်မီပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ သက်သေတွေအဖြစ် ဆင်ဟွာသတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒေသတွင်း တုံ့ပြန်မှု

ဒီရွေးကောက်ပွဲကို မြန်မာ့အိမ်နီးချင်းနိုင်ငံအချို့က သတိကြီးစွာ တုံ့ပြန်နေပါတယ်။

မြန်မာပြည်မှာ တည်ငြိမ်မှု ရှိတာမြင်ရဖို့ စိတ်အားထက်သန်ပေမဲ့လည်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် စိုးရိမ်နေတဲ့ အရှေ့တောင်အာရှအစိုးရတွေကတော့ ဒီရွေးကောက်ပွဲအပေါ်သံသယရှိနေကြတယ်လို့ နိုင်ငံတကာမီဒီယာတွေမှာ တွေ့ရပါတယ်။ ရွေးကောက်ပွဲမှာလူတိုင်းပါဝင်နိုင်မှု မရှိဘူးဆိုရင် အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပြန်လည် ထိတွေ့ဆက်ဆံဖို့
ခက်ခဲလိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတိပေးထားပါတယ်။

အလားတူပဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း ရွေးကောက်ပွဲကို အလျင်စလို ကျင်းပမယ့်အစား တွေ့ဆုံဆွေးနွေးရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို ဦးစားပေးဖို့ မြန်မာနိုင်ငံကို တိုက်တွန်းထားပါတယ်။

အာဆီယံနိုင်ငံတွေဟာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ဖို့အထိ ဆွေးနွေးခဲ့ကြပေမဲ့ မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု မရှိသေးဘူးလို့ ဒေသတွင်း မီဒီယာတွေက အလေးပေး ဖော်ပြကြပါတယ်။

ဈာန်ဟိန်း

Ref: International News Agencies