ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူ ဇာဒီရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ် လက်နက်ကြီးဆက်တိုက်ပစ်ခတ်

December 29, 2025

ရေဖြူမြို့နယ်၊ ဇာဒီရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ယနေ့ ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ်သည် ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဇာဒီရွာသို့ ရောက်လာပြီး ညနေ ၃နာရီခန့်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ တစ်နာရီကျော် ကြာမြင့်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ်ဘက်ကမူ ရေတပ်စစ်သင်္ဘောနှင့် တပ်စခန်းများဘက်က ယနေ့ ည ၆ နာရီဝန်းကျင်အထိ လက်နက်ကြီးများဖြင့် ဇာဒီရွာ အနီးပတ်ဝန်းကျင်ကို ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု ရှိမရှိကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“လက်နက်ကြီးက ညအထိပစ်နေတုန်းပဲ။ တိုက်ပွဲက ညနေကတည်းက ငြိမ်သွားပြီ။ မွန်းတည့်က မီး (လျှပ်စစ်မီး) ပြန်လာပြီး ခဏပဲကြာတယ်။ ရွာထဲသူတို့ (စစ်အာဏာရှင်တပ်) ရောက်လာတယ်။ အခုအထိ မီးရနေသေးတော့ ရွာထဲ သူတို့ ရှိနေ သေးတယ်။ သူတို့က ပြန်ရင် အမြဲတမ်း မီးပြန်ဖြတ်သွားတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောဆိုသည်။

ဇာဒီရွာသားများ ရွာလုံးကျွတ် တိမ်းရှောင်နေရသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သလို လက်ရှိတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းလာသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများလည်း တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရမှု ရှိမရှိကိုမူ မကြားရသေးကြောင်း အထက်ပါ ဇာဒီရွာသားက ပြောသည်။

စစ်အာဏာရှင်တပ်သည် ဇာဒီရွာသို့ ဒီဇင်ဘာလ လဆန်းပိုင်းက ရောက်လာစဥ်ကလည်း ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်ခဲ့ပြီး ဒီဇင်ဘာလ ၁၃ ရက်ကျေးရွာမှ ပြန်ထွက်ခွာသွားပြီးနောက် ၁၀ ရက်ကျော်အကြာတွင် ဇာဒီရွာသို့ ပြန်ရောက်လာခြင်း ဖြစ်ကြောင်း ဒေသခံများထံ မှသိရသည်။