ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်းတွင် မဲပေးရန်သွားသည့် ဆီအုန်းလုပ်သား ၁၇၀ ခန့်ကို မျက်နှာဖုံးအုပ် လက်နက်ကိုင်များက ဖမ်းထား

December 29, 2025

ကော့သောင်းခရိုင် ခမောက်ကြီးမြို့၊ အောင်ချမ်းသာကျေးရွာအုပ်စုတွင် စစ်အုပ်စုပြုလုပ်သည့် ရွေးကောက်ပွဲကို မဲပေးရန်သွားသည့် ဆီအုန်းလုပ်သား ၁၇၀ နီးပါးကို မျက်နှာဖုံးအုပ် လက်နက်ကိုင်များက ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ခမောက်ငယ် ပျိုးဥယျာဉ်ဇုန်၊ မာရမ်းပျိုးဥယျာဉ်ဇုန်တို့တွင်လုပ်ကိုင်နေသည့် ဆီအုန်းအလုပ်သမား ၁၇၀ နီးပါးကို ကော့‌သောင်းမြို့နယ်သွားသည့် လမ်းပိုင်တစ်‌နေရာတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါဆီအုန်းအလုပ်သမားများသည် ခမောက်ကြီးမြို့ ၃၈မိုင် ယုဇနဆီအုန်းကုမ္ပဏီအတွင်း ဖွင့်လှစ်ထားသည့် မဲရုံတွင် မဲပေးရန် ကားများဖြင့် သွားကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဆီအုန်းခြံကအလုပ်သမားတွေ လမ်းမှာဖမ်းဆီးခံရတယ်လို့တော့ သတင်းကြားတယ်။ ကျွန်တော်တို့နဲ့လည်း နည်းနည်းဝေးတော့ အတိအကျတော့မသိရဘူး။PDF တွေလမ်းမှာ ကားတွေကိုရပ်ခိုင်းပြီး ခေါ်သွားတယ်လို့တော့သိရတယ်”ဟု ၎င်းကပြောသည်။

စစ်အုပ်စုလော်ဘီချန်နယ်များတွင်မူ မဲသွားပေးမည့် ဆီအုန်းခြံအလုပ်သမား ၁၇၀ ခန့်က ၃၈ မိုင်ဆီအုန်းကုမ္ပဏီမှ ကုမ္ပဏီပိုင် ကား ၄ စီးဖြင့်စတင်ထွက်ခွာခဲ့ပြီး မဲပေးရန်စုရပ်ဖြစ်သည့် မာရမ်းပျိုးဥယျာဉ်ဘောလုံးကွင်းသို့ ရောက်ရှိလာခြင်းမရှိကြောင်း ဖော်ပြထားသည်။

အဆိုပါဆီအုန်းလုပ်သားများကို မျက်နှာဖုံးထားသည့် PDF တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်းလည်း စစ်အုပ်စုလော်ဘီချန်နယ်များတွင် ဖော်ပြနေကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျားကြီးကို မေးမြန်းရာ မြေပြင်တပ်ဖွဲ့များနှင့် အချိတ်အဆက် မရသေးသည့်အတွက် အတိအကျမသိရသေးကြောင်း သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဆိုသည်။

“မြေပြင်အခြေအနေအေးဆေးဖြစ်ရင် အားလုံးသတင်းထုတ်ပြန်ပေးမှာပါခင်ဗျား”ဟု ကိုကျားကြီးက ပြောသည်။

ဆီအုန်းခြံအလုပ်သမားများ ပြန်လည်လွတ်မြောက်လာခြင်းရှိမရှိကို ဒီဇင်ဘာလ ၂၉ ရက်နံနက်က ဒေသခံအချို့ကို မေးမြန်းရာ ၎င်းတို့အနေဖြင့် ဖမ်းဆီးခံရသည့် သတင်းသာကြားရပြီး နောက်ဆက်တွဲကို မသိရကြောင်း ပြောဆိုကြသည်။

ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့သည် စစ်ကော်မရှင်လုပ်သည့်ရွေးကောက်ပွဲ အပိုင်း ၁ တွင်ပါဝင်နေပြီး အဆိုပါ မဲရုံအမှတ် ၅ မှာ ဆီအုန်းအလုပ်သမားများ မဲပေးရသည့်မဲရုံဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။