ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပျောက်ဆုံးနေသော မင်စွန်းလက်သန်းများနှင့် အနှစ်မဲ့ ရွေးကောက်ပွဲ

December 29, 2025

လွန်ခဲ့တဲ့ ငါးနှစ်၊ ၂၀၂၀ ပြည့်နှစ်ရဲ့ နိုဝင်ဘာလအမှတ်တရတွေဟာ မြန်မာပြည်သူတို့ရဲ့ စိတ်အစဉ်မှာ ဒီနေ့အထိ ထင်ရှားနေဆဲပါ။ အဲဒီတုန်းက ဆိုရှယ်မီဒီယာတွေထက်မှာ ‘မင်စွန်းတဲ့ လက်သန်း’ဓာတ်ပုံတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

လူငယ်၊ လူကြီး၊ ဆင်းရဲချမ်းသာမရွေး မိမိတို့ရဲ့ လက်သန်းကို ဂုဏ်ယူဝင့်ကြွားစွာ ထောင်ပြခဲ့ကြတယ်။ အဲဒီအစွန်းအထင်းဟာ အညစ်အကြေးမဟုတ်ဘဲ နိုင်ငံသားတစ်ယောက်ရဲ့ ‘အာဏာ’နဲ့ ‘ရွေးချယ်ပိုင်ခွင့်’ကို ဖော်ပြတဲ့ ဒီမိုကရေစီရဲ့ တံဆိပ်ကပ်နှိပ်မှု ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အခု ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် မြင်ကွင်းကတော့ ဆန့်ကျင်ဘက်အသွင် ပြောင်းလဲသွားခဲ့ပါပြီ။ ဆိုရှယ်မီဒီယာပေါ်မှာ မင်စွန်းတဲ့လက်သန်းတွေကို မတွေ့ရတော့ပါဘူး။ ဒီပျောက်ဆုံးနေတဲ့ ပုံရိပ်တွေဟာ ရွေးကောက်ပွဲတစ်ခုရဲ့ အသက်ဝိညာဉ်ဖြစ်တဲ့ ‘ပြည်သူ့ယုံကြည်မှု’နဲ့ ‘ဂုဏ်သိက္ခာ’မရှိတော့တာကို အကျယ်လောင်ဆုံး သက်သေခံနေတာပါ။

သတင်းမီဒီယာတွေ၊ လူမှုမီဒီယာတွေရဲ့ စာမျက်နှာတွေမှာ ဂုဏ်ယူဝံ့ကြွားစွာထောင်ပြထားတဲ့ အများပြည်သူရဲ့ မင်စွန်းလက်သန်းတွေဟာ မတွေ့ရသလောက်ပါ။ စစ်ခေါင်းဆောင်နဲ့ စစ်တပ်ဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ပုံတွေလောက်ပဲ တွေ့နိုင်ပါလိမ့်မယ်။

ခေတ်သစ်ကမ္ဘာမှာ ဆိုရှယ်မီဒီယာဟာ လူထုရဲ့ စိတ်နေစိတ်ထားကို တိုင်းတာတဲ့ ပြဒါးတိုင်တစ်ခုလို့ဆိုင်နိုင်ပါတယ်။ ၂၀၂၀ တုန်းက လက်သန်းပြကြွားဝါခဲ့တာတွေဟာ ‘ငါတို့ရဲ့ဆန္ဒကို ငါတို့ဖော်ထုတ်နိုင်ခဲ့ပြီ’ဆိုတဲ့ ပျော်ရွှင်မှုကြောင့်ဖြစ်ပါတယ်။ အခုအခါမှာ အဲဒီပုံရိပ်တွေ ပျောက်ဆုံးနေတာက လူထုအနေနဲ့ ဒီရွေးကောက်ပွဲကို မိမိတို့နဲ့ မသက်ဆိုင်တဲ့၊ မိမိတို့ရဲ့ဆန္ဒကို ကိုယ်စားမပြုတဲ့ ‘ဇာတ်လမ်းတို’တစ်ခုအဖြစ် သတ်မှတ်လိုက်တာကြောင့်ပါ။

မဲပေးပြီးကြောင်း သက်သေပြရန် ရှက်ရွံ့နေကြတာ ဒါမှမဟုတ် ကြောက်လန့်နေကြတာဟာ ဒီရွေးကောက်ပွဲရဲ့ အနှစ်သာရမရှိမှုကို ပြသနေပါတယ်။ ပြည်သူ့အတွက် ဂုဏ်ယူစရာမဖြစ်ဘဲ၊ အာဏာရှိသူတို့ရဲ့ ဖိအားပေးမှုကြောင့်သာ သွားရောက်ခဲ့ရတဖြစ်ကြောင်း တိတ်တိတ်နေပြလိုက်ခြင်းအားဖြင့် ကမ္ဘာကိုသိစေလိုက်တာပါ။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံဟာ ဘက်ပေါင်းစုံမှာ ပြိုလဲခဲ့တယ်။ စစ်မီးတွေ တောက်၊ လူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာနေရ၊ စီးပွားရေး ချောက်ထဲကျ၊ ဒီလိုအခြေအနေဟာ ရွေးကောက်ပွဲကျင်းပဖို့ သင့်တော်တဲ့ အခြေအနေမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။

စစ်အာဏာရှင်စနစ်အောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ အမြဲတစေ ‘တရားဝင်မှုအတုအယောင်’ (Pseudo-legitimacy) ကိုပဲ ဦးတည်လေ့ရှိတာပါ။ အတိုက်အခံတီတွေကို ဖျက်သိမ်း၊ ဆန့်ကျင်ဘက်နိုင်ငံရေးသမားတွေကို ထောင်သွင်းအကျဉ်းချထားတဲ့အပြင် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ထားတာတွေကြောင့် ဒီရွေးကောက်ပွဲဟာ ‘ရွေးချယ်ခွင့်’မဟုတ်ဘဲ ‘အတင်းအကျပ် စေခိုင်းမှု’ပဲ ဖြစ်နေခဲ့ပါတယ်။

ဒီနေ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ မဲပေးပြီးကြောင်း သက်သေပြတဲ့ မင်စွန်းလက်သန်းဟာ ‘စနစ်ဆိုးကိုထောက်ခံသူ’ ဒါမှမဟုတ် ‘ကြောက်စိတ်ကြောင့် အညံ့ခံသူ’ဆိုတဲ့ အဓိပ္ပာယ်အဖြစ် အလိုလိုသဘောပေါက်ထားကြတာပါ။ ၂၀၂၀ တုန်းက ဂုဏ်ယူစရာဖြစ်ခဲ့တဲ့ အမှတ်အသားဟာ အခုအခါ ရှက်စရာအမှတ်အသား ဖြစ်နေခဲ့ပါတယ်။

မဲရုံတွေမှာ လူသူကင်းမဲ့နေတာ၊ မဲပေးဖို့ ဖိအားပေးခံရတာနဲ့ အွန်လိုင်းပေါ်မှာ တင်ပြီးမကြွားရဲတာတွေဟာ ဒီရွေးကောက်ပွဲရဲ့ ရလဒ်က ‘ပြည်သူ့ရင်ထဲက ရလဒ်’မဟုတ်နိုင်ကြောင်း သက်သေပြနေပါတယ်။ အနှစ်သာရကင်းမဲ့တဲ့ ရွေးကောက်ပွဲတစ်ခုဟာ နိုင်ငံရေးထွက်ပေါက်ကို မပေးနိုင်တဲ့အပြင် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေရုံပဲ ရှိပါလိမ့်မယ်။

အနှစ်ချုပ်ရရင် ဆိုရှယ်မီဒီယာထက်မှာ ပျောက်ဆုံးနေတဲ့ မင်စွန်းလက်သန်းတွေဟာ မြန်မာပြည်သူတို့ရဲ့ စိတ်ဓာတ်ခိုင်မာမှုကို ပြသနေပါတယ်။ အာဏာရှင်တွေအနေနဲ့ မဲပြားတွေကို ဖိအားပေးဖြည့်ခိုင်းနိုင်ပေမဲ့ ပြည်သူ့ရင်ထဲက ယုံကြည်မှုနှင့် ထောက်ခံမှုကိုမူ အတင်းအကျပ် မရနိုင်ပါဘူး။ အဲဒီလို ဖိအားနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ သမိုင်းစာမျက်နှာထက်မှာ အနှစ်သာရကင်းမဲ့တဲ့၊ ပြည်သူက ငြင်းပယ်ထားတဲ့ မှတ်တမ်းတစ်ခုအဖြစ်သာ ထင်ကျန်နေမှာပါ။

သံယံ