သရက်ချောင်းမြို့မရပ်ကွက် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ပန်းတော စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ် ယနေ့ နံနက် အစောပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။
ဒီဇင်ဘာလ ၂၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ပန်းတောရပ်ကွက် သံတံတားတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို မိနစ် ၃၀ ခန့်ကြားရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။
“ဒီဘက်က (စစ်အာဏာရှင်တပ်) လက်နက်ကြီးတွေ ပြန်ပစ်တယ်။ လူထိခိုက်မှု ဘာမှမကြားရဘူး” ဟု ၎င်းက ပြောသည်။
ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထားဝယ်-မြိတ်သွားကားလမ်း ခေတ္တပိတ်ဆို့ခဲ့ပြီး နံနက် ၉နာရီဝန်းကျင်တွင် ပြန်လည်သွားလာ၍ ရကြောင်း အထက်ပါ အမျိုးသားက ပြောဆိုသည်။
ပန်းတောစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
နှစ်ဖက်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ဖြစ်ပွားပြီး စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီးဖြင့် တဖက်သတ် ပစ်ခတ်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။
“စကမ တပ်တွေဘက်က ထိခိုက်မှု မသိရသေးဘူး၊ တော်လှန်ရေးတပ်ဘက်ကတော့ မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။
ပန်းတောစစ်ဆေးရေးဂိတ်တွင် ပျူစောထီး၊ ရဲတပ်ဖွဲ့ဝင်နှင့် စစ်အာဏာရှင်တပ်သားများ အထိုင်ချထားသည့်ဂိတ်ဖြစ်ပြီး အဆိုပါစစ်ဆေးရေးဂိတ်သည် ခရီးသည်တင်ကားများ၊ ကုန်တင်ကားများနှင့် ဒေသခံများထံမှ ပေါ်ပေါ်ထင်ထင် ငွေကောက်နေသည့် စစ်ဆေးရေးဂိတ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။







