BREAKING
November 29, 2025

ထားဝယ်တွင် ပရဟိတအဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီး

November 29, 2025

ထားဝယ်မြို့အခြေစိုက် ရင်ခုန်သံ သွေးလှူရှင်နှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ အဖွဲ့ဝင် လူငယ်အမျိုးသား တစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားကြောင်း အရေးပေါ်လူနာတင်ယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။

ဖမ်းဆီးခံရသူသည် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်တွင် နေထိုင်သည့် အသက်၁၉ နှစ်အရွယ်ရှိ ကိုဘုန်းမြတ်ကိုကို ဖြစ်ကြောင်း ရင်ခုန်သံ သွေးလှူရှင်နှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

ကိုဘုန်းမြတ်ကိုကိုသည် ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် အသင်းဖော်စေတနာ့ဝန်ထမ်းနှစ်ဦးနှင့်အတူ အမျိုးသမီး ရုပ်အလောင်းတစ်လောင်းကို အသင်းပိုင်လူနာတင်ယာဉ်ဖြင့် ကုတင် ၁၀၀ ဆေးရုံမှ ကံပေါက်ဒေသ၊ သဘွတ်ချောင်း ကျေးရွာသို့ သွားရောက်ပို့ဆောင်ခဲ့ကြောင်း စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။

ထိုသို့သွားရောက်ပို့ဆောင်ပြီးနောက် ပြန်လာချိန် ရေဖြူမြို့နယ်၊ ကျောက်ကညာကျေးရွာနှင့် ညင်းထွေးကျေးရွာကြားရှိ လမ်းပိုင်းတစ်နေရာတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အရေးပေါ် လူနာတင်ယာဉ်ကို တားဆီးပြီး ကိုဘုန်းမြတ်ကိုကိုအား ဖမ်းဆီးသွားကြောင်း ၎င်းက ဆိုသည်။

“ဘောင်းဘီတိုနဲ့ အင်္ကျီအဖြူလက်ရှည်ဝတ်ထားတဲ့ အမျိုးသားနှစ်ဦးက တားတယ်။ ကားရပ်ပေးလိုက်ချိန်မှာ အသင်းဝင် တွေကို ကားပေါ်ကနေ ခေါ်ချပြီး ထိုင်ခိုင်းတယ်။ ပြီးတော့ သူတို့ဖုန်းထဲက ဓာတ်ပုံနဲ့ တိုက်ကြည့်ပြီး ပုံထဲက သူက နင်မဟုတ်လားဆိုပြီး ခေါ်ခဲ့တယ်လို့ သိရတယ်” ဟု အထက်ပါ စေတနာ့ဝန်ထမ်းက ပြောဆိုသည်။

ကိုဘုန်းမြတ်ကိုကို အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားကို မသိရသေးပေ။

ကိုဘုန်းမြတ်ကိုကိုသည် ရင်ခုန်သံ သွေးလှူရှင်နှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့တွင် စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်အားပေးကူညီနေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“သူက ပန်းရံလုပ်တယ်။ ပန်းရံအလုပ်နားရင် အရေးပေါ်အသင်းမှာ လုပ်အားပေးတယ်။ အခုဒီမနက်လည်း အမှန်က သူ ကြက်ခြေနီ သင်တန်းဆင်းပွဲကို လိုက်မလို့ အရေးပေါ် လူနာပို့စရာရှိနေတော့ ကျွန်တော်လိုက်မယ်ဆိုပြီး ထလိုက်သွားတာ” ဟု ၎င်းနှင့် နီးစပ်သူက ပြောသည်။

ထားဝယ်မြို့အခြေစိုက် အရေးပေါ်လူနာတင်ယာဥ် ပရဟိတအသင်းများသည် အရေးပေါ်လူနာများ အချိန်မီ ဆေးကုသမှုခံယူ နိုင်ရန် အခက်အခဲများစွာဖြင့် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ထားဝယ်မြို့ အခြေစိုက် အ‌ရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့တို့မှ တာဝန်ရှိသူအချို့က ဆိုသည်။

ပရဟိတ စေတနာ့ဝန်ထမ်းများကို ပစ်မှတ်ထား ဖမ်းဆီးခြင်းသည် အရေးပေါ်လူနာတင်ယာဉ် ပရဟိတအသင်းအဖွဲ့များ ဆက်လက်ရပ်တည်မှုကို ခြိမ်းခြောက်ခြင်းဖြစ်သဖြင့် စေတနာ့ဝန်ထမ်း ကိုဘုန်းမြတ်ကိုကိုအား အမြန်ဆုံး ပြန်လွှတ်ပေးရန်တောင်းဆိုကြောင်း ၎င်းတို့က ပြောဆိုကြသည်။