စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၂ မြို့နယ် တစ်ရာစာရင်းကို အောက်တိုဘာလ ၂၈ ရက်က ကြေညာရာတွင် တနင်္သာရီတိုင်းမှ ရေဖြူ ၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့ ပါဝင်လာသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ တွင်မူ ထားဝယ် ၊ မြိတ် ၊ ဘုတ်ပြင်း ၊ ကော့သောင်း လေးမြို့နယ်ပါဝင်ကြောင်း စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။
တနင်္သာရီတိုင်းတွင် မဲဆန္ဒနယ် ဆယ်မြို့နယ်ရှိရာ ကျန်မြို့နယ်ဖြစ်သည့် ပုလော၊ သရက်ချောင်း၊ လောင်းလုံးမြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပရန် မကြေညာသေးသော်လည်း ယင်းမြို့နယ်များတွင် ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်းများစာရင်းကို စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပြီးဖြစ်သည်။
ယခု ထပ်မံကြေညာခဲ့သည် ရွေးကောက်ပွဲ အပိုင်း ၂ တွင် ပါဝင်သည့် ရေဖြူမြို့နယ်၏ တိုင်းလွှတ်တော် ( မဲအများဆုံးရသူ အနိုင်ယူစနစ် )နှင့် ပြည်သူ့လွှတ်တော် နေရာတို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတစ်ခုတည်းသာ ယှဥ်ပြိုင်ထားမည်ဖြစ်သည်။
ယင်းမဲဆန္ဒနယ်များတွင် ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲ မကျင်းပမီကတည်းက အနိုင်ရသွားပြီဖြစ်သည်။
တနင်္သာရီတိုင်းတွင် တိုက်ပွဲများနှင့် ပဋိပက္ခများ ပြင်းထန်နေသော်လည်း စစ်ကော်မရှင်က တိုင်းတွင်းမြို့နယ်အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟုပြောဆိုထားသည်။
ယခုရွေးကောက်ပွဲ ကျင်းပမည်ဆိုသည့် တနင်္သာရီမြို့နယ်တွင် စစ်အာဏာရှင်တပ်က အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေသလို ရေဖြူနှင့် ကျွန်းစုမြို့နယ်တွင်လည်း မကြာခဏတိုက်ပွဲများဖြစ်ပွားနေသည်။
ကျွန်းစုမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်ကမူ ရွေးကောက်ပွဲ အတွက် စစ်ကော်မရှင် ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်များအနေဖြင့် ပြည်သူများအား အတင်းအကျပ် မဲပေးစေခြင်းမပြုလုပ်ခိုင်းရန် နှင့် အားပေးကူညီပါက အရေးယူမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၆ ရက်က အသိပေးထုတ်ပြန်ထားသည် ။
စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းမှနေ၍ ကြံ့ခိုင်ရေးပါတီ (USDP)၊ ပြည်သူ့ပါတီ (PP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည)ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) ပါတီများမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။







