တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် စစ်အာဏာရှင်တပ်နှင့် တအာင်းတပ် (TNLA) တို့ အပစ်အခတ်ရပ်စဲလိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
TNLA က ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အာဏာရှင်တပ်က ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် အဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် အောက်တိုဘာလ ၂၇ရက်နှင့် ၂၈ ရက်တို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။
တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၉ရက်မှစတင်၍ နှစ်ဖက်ရောက်ရှိနေသည့် နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သဘောတူသတ်မှတ်ထားသည့် ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွာရမည်ဖြစ်ပြီး စစ်အာဏာရှင်တပ်ဘက်ကလည်း တအာင်းဒေသကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုလုပ်ရကြောင်း ဖော်ပြသည်။







