BREAKING
October 29, 2025

ထားဝယ်တွင် ဝဥ ဈေးကျ

October 29, 2025

ထားဝယ်ခရိုင်ဒေသထွက် ဝဥအစိုသည် ယမန်နှစ် ပေါက်စျေးထက် ဈေးကျနေကြောင်း ဝဥစက်ရုံလုပ်ငန်းရှင်အချို့နှင့် ဝဥစိုက်တောင်သူအချို့က ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ လကုန်ပိုင်းတွင် စက်ရုံပေါက်စျေးမှာ ဝဥအစို တစ်ပိဿာလျှင် ကျပ် ၄၀၀၀ စျေး ရှိသော်လည်း ယခုနှစ်တွင် ၃၆၅၀ ကျပ်ခန့်သာရှိကြောင်း ၎င်းတို့က ဆိုသည်။

ထားဝယ်အရှေ့တောဒေသ၊ ဝကုန်းကျေးရွာမှ တောင်သူအမျိုးသမီးတစ်ဦးကမူ ပြီးခဲ့သည့်သီတင်းပတ်က ဝဥ အဝယ်တော်ကို တစ်ပိဿာလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ပိဿာနှစ်ရာ ရောင်းချခဲ့ကြောင်း ပြောဆိုသည်။

“စစ်ကြောင်းထိုးပြီးလို့ အခြေအနေ နည်းနည်းအေးတော့ ဝဥလိုက်တူးတာ အချိန်နှစ်ရာပဲရတယ်။ အပင်တွေ သေကုန်လို့ ဥရှာမတွေ့တော့ဘူး။ မနှစ်က တစ်ပိဿာ လေးထောင်နီးပါးအထိ တက်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ အောက်တိုဘာလ ၂၉ ရက် စက်ရုံအဝယ်ဈေးမှာ ဝဥအစို တစ်ပိဿလျှင် ၃၆၅၀ ကျပ်ရှိပြီး ပြီးခဲ့သည့်နှစ်ကထက် ဈေးကျနေခြင်းမှာ တရုတ်ယွမ် ငွေဈေးအတက်အကျကြောင့်ဖြစ်ကြောင်း မော်လမြိုင်မြို့က ရွှေဝါမြေ ဝဥစက်ရုံ၏ အစုရှယ်ယာရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံကထွက်သည့် ဝဥကို တရုတ်နိုင်ငံသို့ တရားဝင်ပို့ကုန်အဖြစ် ယခုနှစ် ဧပြီလ ၁၀ ရက်တွင် တရုတ်ဘက်က ခွင့်ပြုလိုက်ကြောင်း ၎င်းက ပြောဆိုသည်။

“ဈေးကွက် အာမခံချက်တစ်ခုတော့ ရှိသွားတာပေါ့၊ ကျွန်တော်တို့ဆီက ရဲရဲဝံ့ဝံ့လုပ်လို့ရတာပေါ့။ စိုက်ပျိုးလို့ရတယ်။ စက်ရုံတွေ ထောင်လို့ရတယ်” ဟု အထက်ပါ အစုရှယ်ယာရှင်တစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းက ထွက်သည့် ဝဥကို မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးပွဲရုံနှင့် စက်ရုံများသို့ တင်ပို့ပြီး ယင်းမှတစ်ဆင့် ဝဥအစို၊ အခြောက်ပြုလုပ်ကာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသည်။

ထားဝယ်ခရိုင်တွင် ဝဥကို စီးပွားဖြစ်စိုက်ပျိုးသူနည်းပါးပြီး ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ် ဥယာဉ်ခြံများအတွင်း အလေ့ကျ ပေါက်သည့် ဝဥအပင်များကိုသာ တောင်သူများက တူးဖော်ရောင်းချကြသည်။

မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများတွင် ဝဥကို စီးပွားဖြစ်စိုက်ပျိုးသူအနည်းငယ်ရှိပြီး အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် တူးဖော်ရောင်းချကြကြောင်း ဝဥတူးဖော်ရောင်းချသည့် ဒေသခံအချို့က ဆိုသည်။

ဝဥကို စားသောက်ကုန်၊ အလှကုန်နှင့် ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည်။