တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာတွင် နေအိမ်သုံးဆောင်ကို စစ်အာဏာရှင်တပ်သားများက မီးရှို့ဖျက်ဆီးပြီး ရွာသို့ ပြန်လာသည့် ရွာသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ် အောက်တိုဘာလ ၂၇ ရက်တွင် လေးမိုင်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာရာမှ နှစ်ရက်ဆက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီး ရွာတွင် စစ်အာဏာရှင်တပ်က ဆက်လက် တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာလ ၂၈ရက်တွင် မွန်းလွဲ ၂နာရီမှ ညနေ ၅နာရီအထိ လေးမိုင်ရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ယင်းသို့ တိုက်ပွဲမဖြစ်မီ နံနက်အစောပိုင်းတွင် ရွာသားတစ်ဦး ရွာသို့ ပြန်ဝင်စဉ် တံတားထိပ်၌ စစ်အာဏာရှင် တပ်သားများနှင့် တိုးသဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
ပစ်သတ်ခံရသူမှာ လေးမိုင်ရွာသား အသက် ၃၀ ဝန်းကျင်အရွယ်အမျိုးသားဖြစ်ပြီး ကရင်လူမျိုးဖြစ်ကြောင်း ၎င်းက ဆိုသည်။
တိုက်ပွဲမဖြစ်မီ နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်ဘက်က ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
“လက်နက်ကြီးတွေကတော့ စောစောကတည်းက (ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆) တပ်ထဲက ပစ်နေတယ်။ သေနတ်ငယ် တွေလည်း စစ်သားတွေဘက်က တစ်ဖက်တည်း ပစ်ခတ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။
အောက်တိုဘာလ ၂၈ရက်တွင်ပင် စစ်အာဏာရှင်တပ်က ကျေးရွာရှိ နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအခြားတစ်ဦးက ဆိုသည်။
“(အောက်တိုဘာလ ၂၇) မနေ့က လေယာဥ်လာကြဲလို့ ရွာသားတွေက အကုန်ရှောင်လိုက်ကြတယ်။ နေအိမ်သုံးဆောင်ကို (စစ်အာဏာရှင်တပ်က) မီးရှို့လိုက်တယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ် လေးမိုင်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်သည့် အောက်တိုဘာလ ၂၇ ရက်တွင်လည်း တိုက်ပွဲဖြစ်ပြီးခဲ့ပြီး ယင်းနေ့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လေးမိုင်ရွာသား အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအပြင် စစ်အာဏာရှင်တပ်သားများ ပစ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံး လေးမိုင်ရွာရှိ နေအိမ်ကို ထိမှန်ကာ မီးလောင်ပျက်စီးကြောင်း ၎င်းတို့က ပြောဆိုသည်။







